ICJ စီရင်ချက်က မြန်မာပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲ
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အပြီးသတ် စီရင်ချက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေအရ တာဝန်ယူဆောင်ရွက်ရမဲ့ အခြေအနေတွေ ရှိလာပါတယ်။
ဒီစီရင်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာ ခရီးသွားလာရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေမှာပါ သွယ်ဝိုက်သက်ရောက်မှုတွေ ကြုံလာနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။
နောက်ဆက်တွဲ နိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုတိုးလာနိုင်တဲ့ အခြေအနေမျိုးမှာ နိုင်ငံသား တဦးချင်းစီ အပေါ်မှာလည်း တိုက်ရိုက်မဟုတ်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က မှတ်ချက်ပြုပါတယ်။
“နိုင်ငံဆိုတာ ပြောလိုက်တာနဲ့ တပြိုင်နက်တည်း အဲဒီနိုင်ငံဟာ အုပ်ချုပ်တဲ့ အစိုးရပါသလို တချိန်တည်းမှာ နိုင်ငံသားတွေ ဆိုတာကလည်းပဲ တဆက်တစပ်တည်း ရှိနေတာဖြစ်တယ်။ ဥပဒေအရ ကြည့်တဲ့အခါကျတော့ နိုင်ငံရဲ့အာဏာကို တကယ့်မူလပိုင်ရှင်တွေက နိုင်ငံသားတွေ ဖြစ်တဲ့အခါ နိုင်ငံကိုပဲ အပြစ်ပေးတာပါ၊ နိုင်ငံသားတွေနဲ့ မဆိုင်ဘူးလို့ ဒီလိုပြောလို့မရဘူး။ ကူးသန်းရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့၊ ကုန်သွယ်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံသားတွေရဲ့ နိုင်ငံတကာမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေ ဖြတ်တောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လာမယ်ဆိုရင် နိုင်ငံသားတွေအတွက် အခက်အခဲတွေ မကြုံလာနိုင်ဘူးလား။ အဲဒီတော့ တချို့ကိစ္စတွေက တိုက်ရိုက်သက်ဆိုင်သလို တချို့ကိစ္စတွေက သွယ်ဝိုက်တယ် ဆိုပေမဲ့လည်းပဲ ဒီဆက်စပ်မှုတွေကတော့ လက်ရှိအခြေအနေထက် ပိုဆိုးမဲ့ အနေအထားမျိုးတွေ မျှော်မှန်းလို့ ရနိုင်တယ်။”
ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံတော်ရဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ယူမှုနဲ့ သက်ဆိုင်တာဖြစ်ပြီး သာမန်နိုင်ငံသားတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေအဖြစ် သတ်မှတ်တာမျိုး မဟုတ်ပါဘူး။
တဖက်မှာတော့ ICJ ရဲ့ စီရင်ချက်အပေါ် စိုးရိမ်မှုမရှိပေမဲ့ စစ်အာဏာပိုင်တွေက နိုင်ငံတကာရဲ့ တာဝန်ယူမှုဆိုင်ရာ ဖိအားတွေကို ပြည်သူတွေအပေါ် ပြန်လည်ပုံချလာမှာကို စိုးရိမ်တယ်လို့ ပြည်သူတယောက်က ပြောပါတယ်။
“ပြည်သူတယောက်အနေနဲ့ကတော့ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘာမှ စိုးရိမ်စရာတော့ မရှိပါဘူး။ တခုပဲ ဒီစစ်အစိုးရဆိုတဲ့ကောင်တွေက မဟုတ်တာပဲ အမြဲတမ်း လုပ်နေတဲ့ကောင်တွေဆိုတော့ ဒီကောင်တွေက ဘယ်တော့မှ သူတို့ရဲ့အပြစ်ကိုလည်း သူတို့က ဝန်ခံတဲ့ကောင်တွေလည်း မဟုတ်ဘူး။ တသက်လုံးလည်း ဒီစစ်တပ်က သူတို့ကို ကျေးဇူးရှိတယ်ဆိုတဲ့ ပုံစံနဲ့ သူတို့က ပြောလာတဲ့ကောင်တွေ ဖြစ်တဲ့အတွက်ကို ဒီစစ်တပ်က မဟုတ်တာလုပ်ပြီး ပြည်သူကို ထိုးချမှာ၊ ပြည်သူတွေ ဒုက္ခရောက်မယ်ဆိုတဲ့ ပုံစံမျိုးပဲ ဒီကောင်တွေက လုပ်မှာ။ ဒါပဲ စိုးရိမ်ရတာ။ ဒါပဲ စောင့်ကြည့်ရမှာပါ။”
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ သမိုင်းဝင် အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မှာ ဥရောပ၊ အာဖရိကနဲ့ သမုဒ္ဒရာပိုင်းဒေသက နိုင်ငံပေါင်း ၁၄ နိုင်ငံက အဲဒီစီရင်ချက်ကို အသိအမှတ်ပြုကြောင်း ပူးတွဲကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဗြိတိန်အစိုးရကလည်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားဝင် အသိအမှတ်ပြုပြီး စစ်အရာရှိ ၅ ယောက်ကို ပိုင်ဆိုင်မှုထိန်းချုပ်တာနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တာတွေ အပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့သလို မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ရေးနဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှုအကူအညီ၊ မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေးတို့မှာ စတာလင်ပေါင် ၈ သန်း ထပ်မံထောက်ပံ့ဖို့လည်း ကြေညာထားပါတယ်။
ဝေဝေ











