DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်ကြောင့် စစ်ခေါင်းဆောင်များအပေါ်  ICC ဖမ်းဝရမ်းထုတ်ရန် ပိုမြန်ဆန်လာနိုင်ဟုဆို

ဝေဝေ
·
November 23, 2026
Photo: Fortify Rights
Photo: Fortify Rights
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ချ အတည်ပြု ဆုံးဖြတ်လိုက်တာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကနေ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ လုပ်ငန်းစဉ်တွေ ပိုပြီး မြန်ဆန်လာစေနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Fortify Rights က DVB ကို ပြောပါတယ်။

ဒီစီရင်ချက်ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သည်ဟိတ်မြို့ ICJ တရားရုံးကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ကိုလင်းထက်က DVB ရဲ့ မေးမြန်းချက်ကို ပြောကြားခဲ့တာပါ။

စစ်အုပ်စုအနေနဲ့ အခုစီရင်ချက်ကို လိုက်နာဖို့ ငြင်းဆန်နေမယ်ဆိုရင် နိုင်ငံတကာရဲ့ ဖိအားနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုပြင်းထန်လာမှာ ဖြစ်သလို ပြီးခဲ့တဲ့ လပိုင်းတွေက ပွင့်လာခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ သံတမန်ရေး လမ်းကြောင်းတွေလည်း ပြန်ပိတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေ အနေနဲ့ စစ်ခေါင်းဆောင်ကို တရားဝင်မှု (Legitimacy) ပေးနေတာတွေ ရပ်တန့်ဖို့ လိုအပ်သလို တရုတ်နဲ့ ရုရှားတို့ကလည်း သူတို့ရဲ့ နိုင်ငံရေးပုံရိပ် မထိခိုက်စေဖို့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ စစ်အာဏာရှင်သမ္မတ နေရာမှာ အစားထိုးခေါင်းဆောင် တယောက် တင်လာနိုင်တဲ့ အခွင့်အလမ်း ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

ရိုဟင်ဂျာတွေအတွက်ကတော့ နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးရမဲ့လူမျိုးစု (Protected Group) အဖြစ် တရားဝင် သတ်မှတ်ခံလိုက်ရတာကြောင့် အနာဂတ်မှာ အလားတူ ကျူးလွန်မှုတွေကနေ အကာအကွယ်တခု တိုးလာပြီး ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာရဲ့ တာဝန်ယူမှု ပိုအားကောင်းလာမယ်လို့လည်း Fortify Rights က သုံးသပ်ပါတယ်။

မြန်မာစစ်အာဏာရှင် အစိုးရကတော့ ICJ တရားရုံးရဲ့ စီရင်ချက်ကို လက်မခံဘဲ တရားမျှတမှုမရှိတဲ့ စီရင်ချက်ဖြစ်တယ်လို့ စစ်အာဏာရှင်သမ္မတရုံး ဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက ပြောထားပါတယ်။

ICC တရားရုံးက မြန်မာစစ်ခေါင်းဆောင်တွေအပေါ်  လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အမှုဖွင့် အရေးယူနိုင်မဲ့ တရားရေးလုပ်ငန်းစဉ်တွေကို ၂၀၁၉ ခုနှစ်တည်းက လုပ်ဆောင်နေပြီး တရားစွဲဆိုမှုတော့ လုပ်နိုင်ခြင်း မရှိသေးပါဘူး။

ICC ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေပြီးလို့ တရားစွဲကာ ဖမ်းဝရမ်းထုတ်ခံရချိန်မှာတော့ စစ်အာဏာရှင်သမ္မတ မင်းလှိုင်အောင် အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှာ မဟုတ်သလို ICC အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ ဖမ်းဆီးပေးတာ ခံရနိုင်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူက DVB နဲ့ သီးသန့် အင်တာဗျူးမှာ ပြောထားခဲ့ဖူးပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ICC ကနေ ဖမ်းဝရမ်းထုတ်တာ အမြန်လုပ်ဆောင်ဖို့ကို ဗြိတိန်လွှတ်တော်အမတ် ၁၁ ယောက်က လက်မှတ်ရေးထိုး တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုင်ငံတွေအပေါ် တရားစီရင်တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကတော့ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေ အပေါ် တရားစီရင်တာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013