DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်ကို နိုင်ငံတကာတုံ့ပြန်မှု စစ်အာဏာရှင်အပေါ် ဘယ်လိုသက်ရောက်နေလဲ

သုတချမ်းသာ
·
November 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို မြန်မာစစ်အာဏာရှင်ဘက်က ပယ်ချတာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက နိုဝင်ဘာ ၂၂ ရက်မှာ တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ICJ ရဲ့ စီရင်ချက်ဟာ မျှတမှုမရှိဘူးဆိုပြီး စစ်အာဏာရှင်သမ္မတရုံး ပြောခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့ နိုဝင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပယ်ချခဲ့ပါတယ်။

စစ်အာဏာရှင်ဘက်က ဒီလိုပယ်ချတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတနိုင်ငံက ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလလုံခြုံရေးကောင်စီကို တင်ပြတောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဗြိတိန်နဲ့ ပြင်သစ်တို့က အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတကာဥပဒေအရ မဖြစ်မနေ လိုက်နာရမဲ့ တာဝန်ဝတ္တရား ဖြစ်တယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားပြီး EU အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ထားတဲ့ ဗြိတိန်နိုင်ငံကတော့ မြန်မာစစ်သံမှူးကို ချက်ချင်း နှင်ထုတ်ခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က ICJ စီရင်ချက်ကို အသိအမှတ်ပြုခဲ့ကြပြီး ထိုင်းနိုင်ငံကတော့ စီရင်ချက်ဟာ ထိုင်း-မြန်မာ ပြန်လည်ထိတွေ့ဆက်ဆံရေး မူဝါဒအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

မလေးရှား၊ ဖိလစ်ပိုင်တို့က ICJ စီရင်ချက်အတိုင်း လိုက်ပါဆောင်ရွက်ဖို့ မြန်မာစစ်အာဏာရှင်ကို တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံကတော့ ဖြစ်စဉ်ကို သတိထားချဉ်းကပ်တဲ့အသွင် ဆောင်ခဲ့ပါတယ်။ ကျန်တဲ့ အာဆီယံနိုင်ငံတွေကတော့ လတ်တလောအချိန်အထိ နှုတ်ဆိတ်နေကြပြီး အခြေအနေကို အကဲဖြတ်နေကြတဲ့ပုံစံ ရှိပါတယ်။

ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ  ဦးအောင်ကျော်မိုးက “ဥရောပသမဂ္ဂကတော့ မြန်မာ့အရေးမှာ အရေးပါတဲ့ နိုင်ငံတကာ နိုင်ငံရေးနဲ့ သံတမန်ရေးရာ အင်အားစုဖြစ်တယ်။  ဒီတရားစီရင်ရေးရလဒ်တွေ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံရေးဖိအားကို သူတို့ ဘယ်လောက်အထိ အသုံးပြုမလဲဆိုတာ အရေးကြီးတယ်။ အဲဒီအတွက် ကျနော်တို့က ပိုမို ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်။  လူသားချင်းစာနာအခွင့်အရေး၊ လူ့အခွင့်အရေးထက် နိုင်ငံရေးအဖြေရှာနိုင်ဖို့ကို ဦးတည်ပြီး သွားဖို့လိုတယ်။ ရိုဟင်ဂျာတွေက အနာဂတ် မိမိတို့ရဲ့ နိုင်ငံရေးအနာဂတ်နဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို ဆုံးဖြတ်နိုင်တဲ့ နိုင်ငံရေး အသိုက်အဝန်းတခု ဖြစ်တယ်ဆိုတဲ့ဟာကို ဥရောပသမဂ္ဂက ပိုပြီးလက်ခံလာဖို့လိုတယ်။ ရိုဟင်ဂျာ အင်အားစုတွေအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့နေရာမှာရော ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တဲ့နေရာမှာရော မိုင်ကုန် ကျနော်တို့က လုပ်သွားဖို့လည်း ရှိတယ်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးတယ်။ တဖက်မှာ အာဆီယံဒေသတွင်းနိုင်ငံတွေမှာ ရှိတဲ့ နိုင်ငံတွေရဲ့ ရပ်တည်ချက်ကလည်း ဒီထက်ပိုမိုကောင်းမွန်တဲ့၊ လေးနက်တဲ့၊ ပြတ်သားတဲ့ ရပ်တည်ချက်တွေ ဖြစ်ဖို့လိုတယ်။ ရုံးတော်က ချမှတ်ပေးလိုက်တဲ့ တရားရုံးစီရင်ချက်ကတော့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒီခြေလှမ်းကို အခြေခံပြီးတော့ ကျနော်တို့က နောက်ထပ် ပိုမိုအားကောင်းတဲ့ ခြေလှမ်းမျိုးတွေ လှမ်းနိုင်ပြီးတော့ စစ်ကောင်စီ အပါအဝင် ပါဝင်ပတ်သက်ခဲ့တဲ့သူတွေ အားလုံးကို ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ဖို့ လုပ်ဆောင်သွားရမှာ ဖြစ်သလို တပြိုင်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား အင်အားစုတွေက ရုံးတော်က စီရင်ချက်အတိုင်း လုပ်နိုင်တဲ့အရာတွေအားလုံးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက်ကလည်း အင်မတန် အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ICJ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိထား တုံ့ပြန်ခဲ့ပြီး စီရင်ပိုင်ခွင့်ကို နိုင်ငံရေးအရ အသုံးချတာမျိုး မလုပ်ဖို့ တိုက်တွန်းကြောင်းနဲ့ စီရင်ချက်ရဲ့ သက်ရောက်မှုတွေကို လေ့လာနေကြောင်း နိုဝင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တရုတ်အစိုးရဘက်ကတော့ ICJ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ နိုဝင်ဘာ ၂၀ ရက်က ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။

အိန္ဒိယအစိုးရကတော့ ICJ ရဲ့ စီရင်ချက်ကို မှတ်သားထားကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ဘေးကင်းကင်းနဲ့ ပြန်နိုင်ရေး ထောက်ခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယရဲ့ ထုတ်ပြန်ချက်မှာ “လူမျိုးတုံးသတ်ဖြတ်မှု” အသုံးအနှုန်းကို ထည့်သွင်းဖော်ပြတာ မရှိခဲ့ဘဲ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ လူသားစာနာအကူအညီပေးတဲ့ ကိစ္စတွေကိုပဲ ဦးစားပေး ဖော်ပြထားတာကြောင့် ကြားနေအသွင်ဆောင်ခဲ့ပါတယ်။

ရုရှားဘက်က သီးခြားသတင်းထုတ်ပြန်ချက် လတ်တလောအချိန်အထိ မထွက်သေးပေမဲ့ ICJ စီရင်ချက်မတိုင်မီ နိုဝင်ဘာ ၁၈ ရက်နေ့ ၃ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအပြီး ရုရှားသမ္မတ၊ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ရဲ့ ပူးတွဲကြေညာချက်မှာ ICC နဲ့ ICJ တို့လို နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းတွေအနေနဲ့ တရားစီရင်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ဖို့ သတိပေး တိုက်တွန်းထားပါတယ်။

ဒီအချက်တွေအရ ဥရောပနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့လို အင်အားကြီးနိုင်ငံတွေ အပေါ်မှာပါ ရိုဟင်ဂျာအရေး ICJ စီရင်ချက်ဟာ သက်ရောက်မှုရှိနေပြီး မြန်မာစစ်အာဏာရှင်အတွက်သာမက ဒေသတွင်း အာဆီယံနိုင်ငံတွေ အတွက်ပါ သံတမန်ရေးလမ်းတွေ ကျပ်တည်းသွားတာ တွေ့ရတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

Fortify Rights ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်းက “ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြင်သစ်ရော ဗြိတိန်ရောက တင်ချင်တဲ့ကိစ္စက မြန်မာက ရုရှားနဲ့ ပိုပြီးတော့ ယိမ်းတယ်ပေါ့နော်။ ဥရောပမှာ နိုင်ငံတွေအကုန်လုံးက ရုရှားကို လုံခြုံရေးခြိမ်းခြောက်တဲ့နိုင်ငံလို့ မြင်တယ်။ ယူကရိန်း စစ်ပွဲမှာလည်း အခြေအနေတွေက အဲဒီလိုရှိတာကိုး။ အဲဒီလိုအခြေအနေမျိုးမှာ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်မယ်ဆိုတာက သူ့ရဲ့အကျိုးစီးပွားလည်း ပါတယ်လို့ ပြောချင်တာပေါ့။ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်က ဂျီနိုဆိုက်ဆိုတဲ့ ဘယ်နိုင်ငံမှ လက်ခံလို့မရတဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့တယ်ပေါ့။ ဆုံးဖြတ်ချက် မကျသေးတဲ့ အချိန်မှာတုန်းကတော့ အခြေအနေက တမျိုး ဖြစ်ကောင်းဖြစ်မယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မင်းအောင်လှိုင်က တရုတ်တို့ ရုရှားတို့နဲ့ အရမ်းကို ပုလဲနံပသင့်နေတဲ့ အခါကြတော့ ဒီအခြေအနေမျိုးကို အသုံးချပြီးတော့ ရုရှားတို့ တရုတ်တို့ကို သူတို့က ရှုတ်ချလို့ ရသွားတယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးကို ကျနော်တို့က တွန်းရမယ်ပေါ့နော်၊ ဗြိတိန်ပဲဖြစ်ဖြစ် ဥပရောပနိုင်ငံ ဘယ်နိုင်ငံပဲဖြစ်ဖြစ်။ သွေးစွန်းနေတဲ့ ရာဇဝတ်ကောင်ရဲ့လက်ကို ဆွဲဖို့က တော်တော်များများ နိုင်ငံခေါင်းဆောင်တွေက တွန့်ကြမှာပေါ့။ ဒီ အာဆီယံဒေသတွင်းမှာ ဝင်ဆံ့ဖို့ အတွက်ကြတော့ အများကြီး အခက်အခဲ ဖြစ်သွားပြီ။ တရားရုံးရဲ့ဆုံးဖြတ်ချက် ထွက်လာတာက အချိန်ကိုက် ကျနော်တို့အတွက် ကောင်းတယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

အရှေ့တောင်အာရှရဲ့ တောင်ဘက်စွန်းမှာ နီးနီးကပ်ကပ်တည်ရှိနေတဲ့ ဩစတြေးလျနဲ့ နယူးဇီလန် အစိုးရတွေကတော့ ICJ စီရင်ချက်ကို ထောက်ခံထားကြတာပါ။

နိုဝင်ဘာ ၂၀ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ခါလီလာရာမန် ကိုယ်တိုင် သွားရောက်ခဲ့ပြီး သမိုင်းဝင် ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ စုပြုံရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ICJ စီရင်ချက်မှာပါတဲ့ တာဝန်ဝတ္တရားတွေကို ထိထိရောက်ရောက် စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို နိုဝင်ဘာ ၂၀ ရက်မှာ စာထုတ် တောင်းဆိုပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း နိုင်ငံတကာမှာ ပထမဆုံး စီရင်ချက်ချခံရတဲ့နိုင်ငံ ဖြစ်တာကြောင့် နောက်နောင် အမှုတွေအတွက် မြန်မာအမှုဟာ စီရင်ထုံးဖြစ်လာပြီး နိုင်ငံတကာသတင်းတွေရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရတာပါ။

၇ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရတဲ့ ICJ အမှု ပြီးဆုံးသွားပေမဲ့ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေဘက်ကနေ ဆက်လက်ရပ်တည် ကူညီသွားမယ်လို့ တရားလိုအဖြစ် အမှုစွဲခဲ့တဲ့ ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုက ပြောပါတယ်။

ဒီဖြစ်စဉ်တွေအရ စစ်အာဏာရှင်ရဲ့ ခြေလှမ်းတွေကို နိုင်ငံတကာအစိုးရတွေနဲ့ ပြည်သူတွေက ပိုသတိထားမိလာမှာဖြစ်ပြီး ထိတွေ့ဆက်ဆံတဲ့နိုင်ငံတွေဟာ ပြစ်တင်ဝေဖန်ခံရတာနဲ့ ကြုံတွေ့ရဖို့ ရှိလာတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013