ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ လက်ခံရေး မလေးရှားထုတ်ပြန်ချက်ကို တူရကီ ပယ်ချ

မလေးရှားနိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံပေးမယ်ဆိုတဲ့ မလေးရှားရဲ့ ထုတ်ပြန်ချက်ကို တူရကီနိုင်ငံက နိုဝင်ဘာ ၂၁ ရက်မှာ ပယ်ချလိုက်ပါတယ်။
စနစ်တကျစီစဉ်ထားတဲ့ ကျွမ်းကျင်မှုသင်တန်း အစီအစဉ်တခုကနေတဆင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို တူရကီမှာ ပြန်လည်နေရာချထားပေးမယ်လို့ မလေးရှားအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့တာပါ။
ဒီထုတ်ပြန်ချက်ဟာ “အခြေအမြစ်မရှိကြောင်း” တူရကီသမ္မတရုံးရဲ့ သတင်းမှား တိုက်ဖျက်ရေးဌာနက လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပြီး မမှန်ကန်တဲ့ အကြောင်းအရာတွေကို မယုံကြည်ကြဖို့ အများပြည်သူကို တိုက်တွန်းခဲ့ပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ဒီသတင်းထွက်လာတာပါ။
ကနဦး ထုတ်ပြန်ချက်ထဲမှာတော့ မလေးရှားနိုင်ငံအတွင်းက ရိုဟင်ဂျာဒုက္ခသည် အခြေအနေကို ပိုပြီး “စနစ်တကျ ညှိနှိုင်းဆောင်ရွက်မှုရှိရှိ၊ ထိထိရောက်ရောက်နဲ့ လူသားဆန်တဲ့ နည်းလမ်း” နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ဒီအဆိုပြုချက်ကို လုပ်ဆောင်တာ ဖြစ်တယ်လို့ အာမက် ဇာဟစ်က ပြောထားပါတယ်။
မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ရောက်ရှိနေတဲ့အပေါ် ပိုပြီး စိတ်ပျက်ငြီးငွေ့လာနေပြီး သူတို့ကို လက်ခံထားရတာဟာ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာသလို လုံခြုံရေးအရလည်း အန္တရာယ်ရှိလာတယ်လို့ ပြောဆိုထားပါတယ်။
မလေးရှားကနေ တူရကီကို ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ပို့ဆောင်မဲ့ အစီအစဉ် ထုတ်ပြန်ချက်ကို မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက် ဇာဟစ်ဟာမီဒီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ရှင်းလင်းချက်မရှိဘဲ နောက်ပိုင်းမှာ ပြန်လည်ဖယ်ရှားသွားခဲ့ပါတယ်။
သူ့ရဲ့ တူရကီခရီးစဉ်အပြီးမှာ မလေးရှားအစိုးရအဖွဲ့က ဒီအဆိုပြုချက်ကို အတည်ပြုခဲ့တာဖြစ်ပြီး တူရကီအစိုးရကလည်း ဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်ကို မဖယ်ရှားခင်မှာ အာမက် ဇာဟစ်က ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အဆိုအရ ဖေဖော်ဝါရီလကုန်ပိုင်းအထိ မလေးရှားမှာ မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ၁၉၃,၀၀၀ လောက်ရှိပြီး အဲဒီထဲက ၃ ပုံ ၂ ပုံဟာ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံဟာ ဇန်နဝါရီလကတည်းက မြန်မာနိုင်ငံသား ၁၀,၀၀၀ လောက်ကို သူတို့ရဲ့ နိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
Source: Reuters











