COP31 ညီလာခံ၌ အန်တာလျာ သဘောတူစာချုပ် သဘောတူညီချက်မရ

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP31) မှာ အဆိုပြုထားတဲ့ အန်တာလျာ သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် မရခဲ့ဘူးလို့ COP31 ဥက္ကဋ္ဌ မူရတ် ကူရမ်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
ညီလာခံကို သောကြာနေ့မှာ ပိတ်သိမ်းဖို့ စီစဉ်ထားပေမဲ့ ၂ ရက်နီးပါး ကျော်လွန်သွားခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ တတိယမြောက် မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး အဲဒီနောက် ကျင်းပတဲ့ ညီလာခံ အထွေထွေအစည်းအဝေး ပိတ်ပွဲမှာ ခုလို ပြောတာပါ။
တူရကီနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ပြဖွံ့ဖြိုးရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးလည်းဖြစ်တဲ့ မူရတ်ကူရမ်က “ဒီစာသားအပေါ် သဘောတူညီမှုမရဘူးလို့ ကျနော်နားလည်ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်တွေကို အတည်မပြုနိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။
ဒီစာသားကို ဘယ်သူ့အပေါ်မှာမှ အတင်းအကျပ် ချမှတ်ခဲ့တာ မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။ ဥက္ကဋ္ဌအဖွဲ့အနေနဲ့ နိုင်ငံအသီးသီးရဲ့ တောင်းဆိုချက်တွေကို တခုချင်းစီ နားထောင်ခဲ့ပြီး ကွဲပြားနေတဲ့ အမြင်တွေကို ပေါင်းကူးပေးနိုင်ဖို့ နေ့ရောညပါ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အထွေထွေအစည်းအဝေး အစပိုင်းမှာ ဝန်ကြီးကူရမ်က မူကြမ်းကို တင်ပြခဲ့တာပါ။ မူကြမ်းထဲမှာ လျှပ်စစ်စွမ်းအင်အသုံးပြုမှုဆီ ကူးပြောင်းရေး၊ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကို စက်မှုခေတ်မတိုင်မီ အခြေအနေထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် မပိုစေဖို့ ကန့်သတ်ရေး ရည်မှန်းချက်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေးအတွက် ငွေကြေးထောက်ပံ့မှုနဲ့ သမုဒ္ဒရာများဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပြီး ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင် ရေးဆွဲထားခဲ့တာပါ။
ဝန်ကြီးကူရမ်က “ဘယ်သူမှ ကိုယ်လိုချင်တာ အကုန်မရခဲ့ကြပါဘူး။ ဒါပေမဲ့ လူတိုင်းက ဒီစာသားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့နိုင်ပါတယ်။ သဘောတူညီမှုဆိုတာ ဒါမျိုးကို ဆိုလိုတာပါပဲ” လို့ ပြောပါတယ်။
ဒါပေမဲ့ အစည်းအဝေး တက်သူတွေဘက်က ကန့်ကွက်သူတွေ ရှိခဲ့လို့ အဆိုပြုမူကြမ်းကို အတည်မပြုနိုင်ခဲ့ပါဘူး။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆိုင်ရာ ကတိကဝတ်တွေကို လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းဖို့ အဓိကထားတဲ့ COP31 ညီလာခံကို မြေထဲပင်လယ်ကမ်းခြေ အပန်းဖြေမြို့ အန်တာလျာမှာ နိုဝင်ဘာ ၉ ရက်က စတင်ကျင်းပခဲ့တာပါ။
Source: Reuters











