
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့ တူရကီသမ္မတ တေယစ်အာဒိုဂန်တို့ နိုဝင်ဘာ ၃ ရက်က ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ နျူကလီးယားစွမ်းအင်နဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။
သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ တူရကီနိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ဓာတ်အားစီမံကိန်း တခုလည်း ပါပါတယ်။
ဒါ့အပြင် အခြေခံအဆောက်အအုံ၊ ဇီဝနည်းပညာနဲ့ အရေးပါတဲ့ သတ္တုသယံဇာတတွေ အပါအဝင် တခြားကဏ္ဍတွေမှာလည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ခေါင်းဆောင် ၂ ယောက်က သဘောတူခဲ့ကြတယ်လို့ အီက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံဆီ ပထမဆုံးအကြိမ် လာလည်တဲ့ အာဒိုဂန်က သူနဲ့ အီတို့ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို လက်ရှိ ဒေါ်လာ ၁၁ ဘီလီယံကနေ အရင်က သဘောတူထားတဲ့အတိုင်း ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးမြှင့်ဖို့ နည်းလမ်းတွေအပြင် နှစ်နိုင်ငံအကြား လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ပြန်မွမ်းမံပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
တူရကီနိုင်ငံဟာ မြောက်ပိုင်း စီနော့ပ်ပြည်နယ်မှာ နျူကလီးယားဓာတ်ပေါင်းဖို ၄ ခုနဲ့ သရေ့စ်ဒေသမှာ နောက်ထပ် ၄ ခု တည်ဆောက်ဖို့ စီစဉ်နေပြီး တောင်ကိုရီးယားနိုင်ငံကလည်း ဒီစီမံကိန်းလုပ်ငန်းကို ရယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
ဒီစီမံကိန်းက တူရကီနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှု တိုးချဲ့ရေးနဲ့ ပြည်ပကနေ တင်သွင်းလာတဲ့ စွမ်းအင်အပေါ် မှီခိုအားထားရမှုကို လျှော့ချရေး အစီအစဉ်တွေအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတခုပါ။
၂၀၂၅ ခုနှစ်မှာ အီက အန်ကာရာမြို့တော်ဆီ သွားလည်ချိန်မှာ တူရကီနိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ကုမ္ပဏီ (TUNAS) နဲ့ ကိုရီးယား လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (KEPCO) တို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အင်္ဂါနေ့မှာ ကျင်းပမဲ့ ထိပ်သီးအစည်းအဝေး အပြီးမှာ ကျင်းပတဲ့ ညစာစားပွဲမှာ ဟွန်ဒိုင်းမော်တာအုပ်စုရဲ့ အမှုဆောင်ဥက္ကဋ္ဌ အွီဆွန်ချွန်နဲ့ ဟွန်ဒိုင်းရိုတမ်ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) လီယောင်ဘေ အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်တွေအပြင် အမှုဆောင်အရာရှိ အယောက် ၈၀ လောက် တက်ရောက်ကြမယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
Source: Reuters











