တောင်ကိုရီးယား၌ AI သုံးပြီး စာမေးပွဲမသမာမှုဖြစ်ပြီးနောက် ပညာရေးဝန်ကြီး နုတ်ထွက်

တောင်ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မကျင်းပမီအချိန်တိုလေးအလိုမှာ AI ဉာဏ်ရည်တု နည်းပညာသုံးပြီး မသမာမှုလုပ်တာကို တားဆီးဖို့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲလိုက်ရာက ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပြီးနောက် ပညာရေးဝန်ကြီး ချွိုင်ကျိုဂျင်းဟာ နိုဝင်ဘာ ၂၂ရက်မှာ ရာထူးကနေ နုတ်ထွက်သွားတယ်လို့ ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
ပညာရေးဝန်ကြီးဌာနက စာမေးပွဲမစတင်မီ တရက်အလိုအထိ AI နည်းပညာသုံး မသမာမှုတွေကို တားမြစ်မဲ့ စည်းမျဉ်းအသစ်တွေကို အမြန်ထုတ်ပြန်ကြေညာခဲ့လို့ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။
ဒီလုပ်ရပ်ဟာ စာမေးပွဲဖြေသူတွေနဲ့ ဆရာ၊ ဆရာမတွေအကြား ကြီးမားတဲ့ အရှုပ်အထွေးတွေကို ဖြစ်ပေါ်စေခဲ့တာပါ။
နိုဝင်ဘာ ၂၀ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ၊ အရေးပါလှတဲ့ နိုင်ငံလုံးဆိုင်ရာ စာမေးပွဲကျင်းပနေချိန်မှာ ချွိုင်က "တာဝန်ခံဝန်ကြီးတယောက်အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတဲ့ ဝေဖန်မှုကနေ ကျနော်လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်"လို့ တနင်္ဂနွေနေ့က ထုတ်ပြန် ပြောပါတယ်။
ဝန်ကြီးချွိုင်ကျိုဂျင်းက "အခု စာမေးပွဲလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ကျနော့်မှာ တာဝန် အကြီးကြီးရှိတယ်လို့ ခံစားရပြီး ရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြအပ်ပါတယ်"လို့ ပြောပါတယ်။
ဝန်ကြီးက နုတ်ထွက်ချင်တယ်လို့ ကြေညာပြီး တနာရီလောက် အကြာမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ကသူ့ရဲ့ နုတ်ထွက်စာကို လက်ခံလိုက်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters











