မြန်မာနိုင်ငံ၌ ပျက်ကျခဲ့သည့် KAL လေယာဉ်နေရာဆီ တောင်ကိုရီးယားက အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်

လွန်ခဲ့တဲ့ ၃၉ နှစ်အကြာ ၁၉၈၇ ခုနှစ်တုန်းက မြောက်ကိုရီးယားရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနီး ပျက်ကျခဲ့တဲ့ ကိုရီးယားလေကြောင်းလိုင်း (KAL) ခရီးသည်တင်လေယာဉ် ပျက်ကျရာနေရာကို စစ်ဆေးဖို့အတွက် တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာနိုင်ငံကို အဖွဲ့တဖွဲ့ ပထမဆုံးအကြိမ် စေလွှတ်လိုက်ပြီလို့ ကိုရီးယား Yonhap သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က တာဝန်ရှိသူတွေအပြင် ရေငုပ်သမားတွေနဲ့ ရေယာဉ်မောင်းနှင်သူတွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး KAL လေယာဉ်အမှတ် 858 ရဲ့ အပျက်အစီး အပိုင်းအစတွေ ရှိနေနိုင်တယ်လို့ ယူဆရတဲ့ ရေပြင်နေရာကို ကွင်းဆင်းစစ်ဆေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။
အဲဒီကနေ တွေ့ရှိရတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး လေယာဉ်အပျက်အစီးတွေနဲ့ သေဆုံးသူတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်ဆယ်ယူဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ အစိုးရက သုံးသပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သူတို့က ဖြည့်စွက်ပြောပါတယ်။
ဒီဧရိယာဆီ သွားရောက်ဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ အရင်တုန်းက ပုဂ္ဂလိကအဖွဲ့အစည်းတွေဘက်က ကြိုးပမ်းမှုတွေ ရှိခဲ့ဖူးပေမဲ့ တောင်ကိုရီးယားအစိုးရကိုယ်တိုင် လေယာဉ်ပျက်ကျတယ်လို့ သံသယရှိတဲ့နေရာဆီ ကွင်းဆင်းစစ်ဆေးတာကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ကနေ ဆိုးလ်မြို့ကို ပျံသန်းလာတဲ့ အဲဒီလေယာဉ်ဟာ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ မြန်မာလေပိုင်နက် ပင်လယ်ရေပြင်အထက်မှာ ပေါက်ကွဲပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၁၅ ယောက်စလုံး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ ၁၁၅ ယောက်ထဲက ဘယ်သူ့ရဲ့ ရုပ်ကြွင်းကိုမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါဘူး။
အဲဒီအချိန်တုန်းက တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးအေဂျင်စီကတော့ ဒီဗုံးခွဲတိုက်ခိုက်မှုကို ကင်ဟွန်ဟီး အပါအဝင် မြောက်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့် ၂ ယောက်က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
နောက်ပိုင်း သမ္မတဟောင်း ရိုမူဟွန်း အစိုးရလက်ထက် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလမှာ အပြီးသတ်ခဲ့တဲ့ ပြန်လည်စုံစမ်းစစ်ဆေးမှုမှာလည်း အဲဒီကောက်ချက်ကိုပဲ အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ကင်ဟွန်ဟီးရဲ့ ထွက်ဆိုချက်ကလွဲလို့ တခြား ရုပ်ဝတ္ထု သက်သေအထောက်အထား မရှိဘူးလို့ ထောက်ပြပြီး အပြည့်အဝ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ဆက်လက်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခုစေလွှတ်လိုက်တဲ့ ခရီးစဉ်ဟာ ၂၀၁၉ ခုနှစ်ဝန်းကျင်လောက်ကတည်းက စတင်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ နောက်ဆက်တွဲရလဒ် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒီစစ်ဆေးရေးအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေခဲ့ရတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Source: Yonhap











