AI ကုမ္ပဏီ Anthropic ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကုမ္ပဏီများ စာရင်းဝင်
Claude AI ကို ဖန်တီးတဲ့ Anthropic ဟာ ရှယ်ယာဈေးကွက်ကို ပထမဆုံး ဝင်ရောက်ပြီးနောက် ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ထရီလီယံ ရှိလာပါတယ်။
ဒါကြောင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီတွေထဲမှာ ပါဝင်လာပါတယ်။ နိုဝင်ဘာ ၁၉ ရက်မှာ Nasdaq ရှယ်ယာဈေးကွက်ကို စတင်ဝင်ရောက်ခဲ့ပြီး ကနဦးရှယ်ယာတစုကို ၈၃ ဒေါ်လာ သတ်မှတ်ခဲ့ပါတယ်။
အရောင်းအဝယ် စတင်ချိန်မှာ ရှယ်ယာဈေး ၁၁၁ ဒသမ ၅၃ ဒေါ်လာအထိ တက်လာပြီး ကုမ္ပဏီတန်ဖိုး ၂ ထရီလီယံနီးပါး ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဈေးကွက်ပိတ်ချိန်မှာ ရှယ်ယာဈေး ၉၇ ဒသမ ၁၇ ဒေါ်လာအထိ ပြန်ကျခဲ့ပေမဲ့ ကနဦးဈေးထက် ၁၇ ရာခိုင်နှုန်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။
Anthropic ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး AI နည်းပညာကို အဓိကလုပ်ကိုင်တဲ့ ကုမ္ပဏီတွေထဲမှာ ပထမဆုံး ရှယ်ယာဈေးကွက် ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နည်းပညာကုမ္ပဏီတွေ အဓိကပါဝင်တဲ့ Nasdaq Composite အညွှန်းကိန်းကတော့ အဲဒီနေ့မှာ ၂ ဒသမ ၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဟာ ပြီးခဲ့တဲ့ တနှစ်တည်းမှာ AI နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။
ဒီလို ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံနေတာကြောင့် AI ဈေးကွက်မှာ ငွေကြေးဖောင်းပွမှု ပူဖောင်းတခု ဖြစ်ပေါ်နေသလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
Anthropic ဥက္ကဋ္ဌ ဒန်နီယယ်လာ အာမိုဒေး ကလည်း “AI မှာ တကယ့်အန္တရာယ်တွေ ရှိပါတယ်” လို့ ပြောပြီး ကုမ္ပဏီအနေနဲ့ ပထမဆုံး AI ထုတ်ကုန် မဖြန့်ချိခင်ကတည်းက လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။











