
မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုတာဟာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ သံတမန်ရေးအရ စိုးရိမ်ရမဲ့ကိစ္စတရပ်ပဲ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ ဂျာမန်သံရုံး ယာယီတာဝန်ခံဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ နေအိမ်ရှေ့ကနေ မွေးနေ့ဆုတောင်းစကားပြောကြားတဲ့ ဗီဒီယိုတခုကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဗီဒီယိုမှာ သမ္မတ ဦးဝင်းမြင့် အမှန်တကယ် မလွတ်မြောက်သေးကြောင်း ပြောဆိုခဲ့တဲ့အပြင် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုစတင်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်အပြီး နောက် ၂ ရက်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမန်သံရုံး ယာယီတာဝန်ခံကို ခေါ်ယူသတိပေးခဲ့ပြီး ‘ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုး လို့ စွပ်စွဲခဲ့တဲ့အပေါ် Amnesty International က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးက ဦးဝင်းမြင့်ကို သမ္မတအဖြစ် သဘောထားနေရင် နိုင်ငံထဲက ထွက်ချင်ထွက်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဂျာမန်သံရုံးတာဝန်ခံပြောဆိုခဲ့သလိုပဲ ကုလသမဂ္ဂမှာ ဦးဝင်းမြင့်ကိုပဲ အခုထိ သမ္မတအဖြစ် အသိအမှတ်ပြုထားတာဖြစ်ပါတယ်။











