
တောင်ကိုရီးယားနိုင်ငံမှာ AI နည်းပညာသုံးပြီး စာခိုးချသူတယောက် စာမေးပွဲပထမရခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ကျောင်းသားတွေရဲ့ မျက်မှန်တွေကိုပါ စစ်ဆေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဟန်ဝန်ဆော့ဟာ အခွန်စာရင်းကိုင် အသက်မွေးဝမ်းကျောင်းအရည်အချင်းစစ် စာမေးပွဲမှာ AI သုံးပြီး စာခိုးချခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်မှာ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပထမအဆင့် စာမေးပွဲမှာ မေးခွန်း ၁၆၀ အနက် တပုဒ်သာ မှားယွင်းခဲ့ပြီး အမှတ် ၄၀၀ မှာ ၃၉၇ ဒသမ ၅ မှတ် ရရှိခဲ့တာကြောင့် သံသယဝင်ခံခဲ့ရပါတယ်။
ဟန်ဝန်ဆော့ကတော့ “စာမေးပွဲ ပထမအဆင့်နဲ့ ဒုတိယအဆင့် နှစ်ခုလုံးမှာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ AI သုံးပြီး စာခိုးချခဲ့ပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။
သူဟာ အသေးစားကင်မရာနဲ့ မေးခွန်းတွေကို ဓာတ်ပုံရိုက်ပြီး AI ဆီ ပို့ခဲ့သလို အဖြေတွေကိုလည်း စမတ်ဖုန်းကနေ ပြန်ကြည့်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် စာမေးပွဲတွေရဲ့ တရားမျှတမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးနေပါတယ်။
အထူးသဖြင့် AI စမတ်မျက်မှန်တွေဟာ မေးခွန်းတွေကို ဓာတ်ပုံရိုက်ပြီး AI နဲ့ အဖြေရှာနိုင်တာကြောင့် စာမေးပွဲတွေမှာ အသုံးပြုမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ပညာရေးဝန်ကြီး ချွဲကျိုဂျင်ကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ အဆင့်တိုင်းမှာ ကျောင်းသားတွေရဲ့ မျက်မှန်တွေကို စစ်ဆေးမှာဖြစ်ပြီး စမတ်နာရီတွေနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေကိုလည်း တားမြစ်ထားတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမဲ့ ၈ နာရီကြာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား ၅ သိန်းခွဲဝန်းကျင် ဝင်ရောက်ဖြေဆိုဖို့ရှိပြီး စာမေးပွဲရဲ့ နားထောင်မှုစွမ်းရည်စစ်ဆေးချိန်မှာ လေယာဉ်အတက်အဆင်းတွေကိုပါ ခဏရပ်ဆိုင်းပေးလေ့ရှိပါတယ်။
စာမေးပွဲမှာ AI စမတ်မျက်မှန်အပါအဝင် တားမြစ်ထားတဲ့ စမတ်ပစ္စည်းတွေ အသုံးပြုတာ၊ ဝတ်ဆင်ထားတာ တွေ့ရှိရင် အဲဒီနှစ်စာမေးပွဲရလဒ်ကို ပယ်ဖျက်ပြီး နောက်တနှစ်လည်း ဖြေဆိုခွင့်ပိတ်ပင်မှာ ဖြစ်ပါတယ်။
Source:Reuters











