
တူရကီနိုင်ငံအနောက်ပိုင်းက သံနဲ့ သံမဏိ ထုတ်လုပ်ရေးစက်ရုံတခုမှာ နိုဝင်ဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၆ ယောက် သေဆုံးခဲ့တယ်လို့ သမ္မတ တေယစ်အာဒိုဂန်က အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တဲ့ အစ်ဇ်မီးယားပြည်နယ်၊ အလီယာဂါခရိုင်အတွင်းရှိ ဟာဘာ့စ် သံနဲ့ သံမဏိ ထုတ်လုပ်ရေးစက်ရုံမှာ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရည်ကျိုထားတဲ့ သံမဏိလောင်းတဲ့ လုပ်ငန်းစဉ်အတွင်းမှာ မျက်နှာကြက် ကရိန်းတခု ပြတ်ကျလာပြီး သံရည်ကျိုတဲ့ လျှပ်စစ်မီးဖိုထဲကို ပြုတ်ကျရာကနေ အခုလို ဖြစ်ပွားခဲ့တာလို့ ကနဦး စုံစမ်းတွေ့ရှိချက်တွေအရ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ဒေသတွင်း ဆေးရုံအသီးသီးကို ပို့ဆောင်ကုသပေးနေပြီး သမ္မတ အာဒိုဂန်ရဲ့ ပြောကြားချက်အရ ဒဏ်ရာရရှိသူ ၁၃ ယောက်ရှိကာ သူတို့ထဲက ၂ ယောက်မှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးမှုတွေအောက်မှာ ပိတ်မိနေဆဲဖြစ်တဲ့ လူ ၁၀ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Source: Reuters











