တူရကီတွင် ရဟတ်ယာဉ်ပျက်ကျပြီး စစ်သား ၅ ဦး သေဆုံး

တူရကီနိုင်ငံအနောက်ပိုင်း၊ အက်စ်ကီရှဲဟီးပြည်နယ်မှာ နိုဝင်ဘာ ၂၄ ရက်က တူရကီလေတပ်ပိုင် ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် လေယာဉ်အမှုထမ်း စစ်သည် ၅ ယောက် သေဆုံးခဲ့တယ်လို့ တူရကီ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“လေ့ကျင့်ရေးအတွက် အက်စ်ကီရှဲဟီးကနေ ပျံတက်သွားတဲ့ လေတပ်ပိုင် AS-532 ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပါတယ်” လို့ ဝန်ကြီးဌာနက အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ရဟတ်ယာဉ် အပျက်အစီးတွေဆီကို ရောက်ရှိနေပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်ဆောင်နေပါတယ်” လို့လည်း ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
အက်စ်ကီရှဲဟီးပြည်နယ်ဟာ လေတပ်ရဲ့ အမှတ် ၁ ပင်မဂျက်တိုက်လေယာဉ် အခြေစိုက်စခန်းဌာနချုပ် တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။
သတင်းမီဒီယာတွေရဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ အက်စ်ကီရှဲဟီး မြို့လယ်ကောင်ရဲ့ အနောက်ဘက် ၁၅ ကီလိုမီတာလောက်အကွာ ယိုးရွတ်အက်ခ်ချားယား ကျေးရွာအနီးက ပျက်ကျရာနေရာမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းကလည်း တူရကီတောင်ပိုင်း မာလာ့တ်ယာမြို့အနီးမှာ စစ်တပ်သုံး ဆီကော်စကီး S-70 ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ အမှုထမ်း ၄ ယောက် သေဆုံးခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း တရားဝင် ရှင်းလင်းချက် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
တူရကီနိုင်ငံဟာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အတွင်း ဒုတိယအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။
Source: Reuters











