ပုဂ္ဂလိကလုံခြုံရေး စိုးရိမ်မှုများကြောင့် Meta စမတ်မျက်မှန်များ ပိတ်ပင်ရန် ဒတ်ချ်တရားရုံး သုံးသပ်နေ
နယ်သာလန်နိုင်ငံက စားသုံးသူရေးရာနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး အဖွဲ့တွေဟာ Meta ရဲ့ AI နည်းပညာသုံး စမတ်မျက်မှန်တွေကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် နိုင်ငံအတွင်း ရောင်းချမှု ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပေးဖို့ နိုဝင်ဘာ ၂၆ ရက်မှာ တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
စမတ်မျက်မှန်တွေဟာ အနီးအနားရှိသူတွေ မသိလိုက်ဘဲ လျှို့ဝှက်ဗီဒီယို ရိုက်ကူးနိုင်စေတာဟာ ဥရောပရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့ သူတို့က အကြောင်းပြထားပါတယ်။
နယ်သာလန်ရဲ့ အဓိက စားသုံးသူအသင်း အပါအဝင် အဖွဲ့တွေက Meta နဲ့ Ray-Ban အမှတ်တံဆိပ်ပိုင်ရှင် (အက်ဆီလော-လပ်ဇော့တီကာ) တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီမျက်မှန်တွေဟာ အများပြည်သူသွားလာရာ နေရာတွေမှာ အနီးအနားရှိသူတွေအတွက် လုံလောက်တဲ့ အကာအကွယ်ပေးမှုမရှိဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးခွင့်ပြုထားတယ်လို့ ထောက်ပြကြပါတယ်။
အမ်စတာဒမ် ခရိုင်တရားရုံးမှာ တင်သွင်းထားတဲ့ ဒီအမှုဟာ ကြီးထွားလာနေတဲ့ စမတ်မျက်မှန် ဈေးကွက်အတွက် အစောပိုင်း အရေးပါတဲ့ ဥပဒေရေးရာ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။
ဒီစီရင်ချက်ဟာ နယ်သာလန်နိုင်ငံအတွင်းသာ အကျုံးဝင်ပေမဲ့ ဂျာမနီနိုင်ငံမှာ ဒီသီတင်းပတ်ထဲ စတင်ခဲ့တဲ့ အလားတူ တရားစွဲဆိုမှု အပါအဝင် ဥရောပတဝန်း ကန့်ကွက်မှုတွေ မြင့်တက်နေချိန်မှာ Meta ဘက်က အရေးနိမ့်ခဲ့ရင် နောက်ထပ်စီရင်မှုတွေအတွက် စံနမူနာတခု ဖြစ်လာနိုင်ပါတယ်။
တရားခွင်တွေနဲ့ စာသင်ကျောင်းတွေလို သီးခြားနေရာတချို့မှာပဲ ကန့်သတ်ထားတဲ့ တခြားနိုင်ငံတွေက ပိတ်ပင်မှုတွေနဲ့ မတူဘဲ အခုအဖွဲ့အစည်းတွေက နိုင်ငံတဝန်းလုံးမှာ ရောင်းချခွင့် ပိတ်ပင်ဖို့အပြင် စားသုံးသူတွေ လက်ဝယ်ရောက်ရှိပြီးသား စက်ပစ္စည်းတွေကိုပါ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။
Meta ရဲ့ ရှေ့နေတွေဘက်က နောက်ပိုင်းမှာ တုံ့ပြန်လျှောက်လဲဖို့ ရှိနေပါတယ်။ တရားရုံး စာရွက်စာတမ်းတွေထဲ ပါဝင်တဲ့ လျှောက်လဲချက်မှာတော့ လူကြိုက်များတဲ့ ဒီမျက်မှန်တွေနဲ့ ရိုက်ကူးဖို့အတွက် အသုံးပြုသူအနေနဲ့ ရည်ရွယ်ချက်ရှိရှိ စတင်ခလုတ်ဖွင့် လုပ်ဆောင်ရတာဖြစ်ပြီး ရိုက်ကူးနေချိန်မှာ တခြားသူတွေ သိရှိနိုင်စေမဲ့ သတိပေးမီးလုံးလည်း ပါဝင်တယ်လို့ Meta ဘက်က ပြန်လည်ချေပထားပါတယ်။
Source: Reuters











