
ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်က ကလေးတွေကို စွဲလမ်းစေပြီး ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်ဆိုတဲ့ အမေရိကန်ပြည်နယ်တွေရဲ့ တရားစွဲဆိုမှုတွေကို ဖြေရှင်းဖို့ Meta က ဒေါ်လာ ၁၈ ဘီလီယံအထိ ပေးလျော်ကျေအေးဖို့ သဘောတူလိုက်ပါတယ်။
ဒီသဘောတူညီချက်ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဖက်ဒရယ်တရားသူကြီး အီဗွန်ဂွန်ဇာလက်ဇ် ရော်ဂျာစ်က ဩဂုတ် ၂၆ ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။
Meta က အခုငွေကို လာမဲ့ ၁၀ နှစ်အတွင်း ပေးချေသွားမှာဖြစ်ပြီး အမေရိကန်ပြည်နယ်အများစု၊ ဝါရှင်တန်ဒီစီနဲ့ အမေရိကန်ပိုင်နက်တချို့ ပါဝင်ပါတယ်။
သဘောတူညီချက်အရ ဆယ်ကျော်သက်တွေရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ် အသုံးပြုချိန်ကို ပုံမှန်အားဖြင့် တနေ့ နှစ်နာရီ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။
ညသန်းခေါင်ကနေ မနက် ၆ နာရီအထိ အသုံးပြုမှုနဲ့ Notification တွေကို ပိတ်ထားပြီး ကျောင်းတက်ရက်တွေမှာ မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ Notification တွေကိုလည်း ပိတ်ထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆယ်ကျော်သက်အကောင့်တွေမှာ Like အရေအတွက်ကို ဖျောက်ထားပြီး အသက် ကန့်သတ်ထားတဲ့ Content တွေ မကြည့်နိုင်အောင်လည်း ကာကွယ်မှုတွေ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
Meta ဟာ ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မိဘခွင့်ပြုချက်မရှိဘဲ စုဆောင်းခဲ့ပြီး Social Media ကို စွဲလမ်းစေမဲ့ ဒီဇိုင်းတွေ တမင်ဖန်တီးခဲ့တယ်လို့ ပြည်နယ်တွေက စွပ်စွဲ ထားပါတယ်။
ဒါပေမဲ့ Meta ကတော့ အမှားလုပ်ခဲ့တယ်ဆိုတာ ငြင်းဆိုထားပြီး ဆယ်ကျော်သက်တွေအတွက် ပိုလုံခြုံတဲ့ အတွေ့အကြုံဖြစ်လာဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ကယ်လီဖိုးနီးယား ရှေ့နေချုပ် ရော့ဘွန်တာ ကတော့ ဒီသဘောတူညီချက်ဟာ “ကလေးတွေကို ထိခိုက်စေခဲ့တဲ့ လုပ်ငန်းကဏ္ဍကို ပြုပြင်ဖို့ အရေးကြီးတဲ့ အချိန်တခု” လို့ ပြောပါတယ်။
Source:Reuters











