အိန္ဒိယအတိုက်အခံ ကွန်ဂရက်ပါတီက Meta ကုမ္ပဏီကို တရားစွဲ

အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီဟာ နိုင်ငံရေးပို့စ်တွေကို ဖယ်ရှားတဲ့ စနစ်ကြောင့် Meta ကုမ္ပဏီနဲ့ ဗဟိုအစိုးရတို့ကို ဒေလီတရားလွှတ်တော်ချုပ်မှာ တရားစွဲ လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြည်နယ်ရွေးကောက်ပွဲတွေ မကျင်းပရသေးခင်ကာလအတွင်း အကြောင်းအရာတွေ ကို အလိုအလျောက် ဖယ်ရှားပေးတဲ့ စနစ်တခုက နိုင်ငံရေးဆိုင်ရာပို့စ်တွေနဲ့ အတိုက်အခံ ခေါင်းဆောင် ရာဟူးလ် ဂန္ဒီရဲ့ ဓာတ်ပုံတွေကို ပိတ်ပင်တားဆီးနေတယ်လို့ စွပ်စွဲပြီး တရားစွဲ လိုက်တာပါ။
နိုဝင်ဘာ ၂၅ ရက် ရက်စွဲနဲ့ တင်သွင်းလိုက်တဲ့ ဒီတရားစွဲဆိုမှုဟာ Meta ကုမ္ပဏီကို ဆန့်ကျင်တဲ့ ကွန်ဂရက်ပါတီရဲ့ သီတင်းတပတ်ကြာ လှုပ်ရှားမှုကို လမ်းမထက်ကနေ တရားခွင်အတွင်းအထိ ရောက်ရှိလာစေခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဗုဒ္ဓဟူးနေ့က လူငယ်ကွန်ဂရက်အဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတခု ထဲမှာ ဘန်ဂလောမြို့က ဆန္ဒပြသူအုပ်စုတစုဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးနေချိန် ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတချို့ကို ရဲကားပေါ် အတင်းတွန်းတင်နေတာကို တွေ့မြင်ရပါတယ်။
အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပြီး အိန္ဒိယနိုင်ငံအလယ်ပိုင်း အူဂျိန်းမြို့မှာ ရိုက်ကူးထားတယ်လို့ ဆိုတဲ့ နောက်ထပ်ဗီဒီယိုတခုထဲမှာတော့ ဆန္ဒပြသူတစုဟာ စာတန်းဘန်နာတခုကို ဖြန့်ကြက် ပြသ ထားပါတယ်။
အဲဒီဘန်နာပေါ်မှာ လူတယောက်ရဲ့ပုံဘေးမှာ “MARK BJPBERG” နဲ့ “META ဟာ BJP ရဲ့ သားဖြစ်တယ်” (META is the son of BJP) ဆိုတဲ့ စာသားတွေကို အင်္ဂလိပ်နဲ့ ဟင်ဒီဘာသာစကားတွေနဲ့ ရေးသားဖော်ပြထားပါတယ်။
Meta ကုမ္ပဏီဘက်ကတော့ အိန္ဒိယနိုင်ငံအတွင်းက အကြောင်းအရာတွေကို ဥပဒေနဲ့အညီ စိစစ် ထိန်းကျောင်းနေတယ်လို့ ပြောကြားထားပါတယ်။
တရားစွဲဆိုခံရသူတွေစာရင်းမှာ ပူးတွဲပါဝင်နေတဲ့ အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက် တောင်းခံမှုတွေကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
အာဏာရ BJP ပါတီကတော့ ဆန္ဒပြသူတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ရုံးခန်းတွေကို ဖျက်ဆီး ခဲ့ကြတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
Source: Reuters











