ဟာစီနာ ပြန်မည့်အစီအစဉ် ပြစ်မှုကျူးလွန်သူ လွှဲပြောင်းပေးရေး တောင်းဆိုချက်နှင့်မဆိုင်ဟု အိန္ဒိယပြော
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာက သူ့ရဲ့ ဇာတိနိုင်ငံကို ကိုယ့်သဘောဆန္ဒအလျောက် ပြန်မဲ့အစီအစဉ်ဟာ ဒါကာအစိုးရရဲ့ ပြစ်မှုကျူးလွန်သူ လွှဲပြောင်းပေးရေး တောင်းဆိုချက်နဲ့ သီးခြားကိစ္စရပ် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်မှာ နိုင်ငံကိုပြန်ဖို့ ရည်ရွယ်ထားတယ်လို့ ဟာစီနာက ပြောထားကြောင်း ရိုက်တာ သတင်းဌာနက ဒီသီတင်းပတ်ထဲမှာ ဖော်ပြခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ သူ့ကို ပြန်လည်ခေါ်ဆောင်နိုင်မဲ့ တခုတည်းသော နည်းလမ်းဟာ ပြစ်မှုကျူးလွန်သူ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ကနေ တဆင့်သာ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။
ဟာစီနာဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ကျောင်းသားအရေးတော်ပုံ အပြီး နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ အိန္ဒိယနိုင်ငံမှာ နေရပ်စွန့်ခွာ နေထိုင်နေတာ ဖြစ်ပါတယ်။
ကျောင်းသားဦးဆောင်တဲ့ အုံကြွမှုကို နှိမ်နင်းဖို့ အမိန့်ပေးခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ်က တရားရုံးတခုက သူ့မျက်ကွယ်မှာ သေဒဏ်ချမှတ်ထားပေမဲ့ ဒီလထဲမှာပဲ ဟာစီနာဟာ နိုင်ငံကို ပြန်လာနိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်အသစ်နဲ့ မှတ်ပုံတင်ကတ်အသစ် ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နယူးဒေလီအစိုးရ အနေနဲ့ ဒါကာရဲ့ တောင်းဆိုချက်ကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ဆောင်ရွက်နေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆဝါးလ်က ပြောပါတယ်။
ခရီးသွားအထောက်အထားတခုကို အသုံးပြုပြီး ကိုယ့်နိုင်ငံကို ကိုယ့်သဘောနဲ့ကိုယ် ပြန်မဲ့ နိုင်ငံသားတယောက်ရဲ့ ကိစ္စရပ်ဟာ ပြစ်မှုကျူးလွန်သူ လွှဲပြောင်းပေးရေး တောင်းဆိုချက်နဲ့ သီးခြားကိစ္စရပ်တခု ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပြီး အသေးစိတ် ထပ်ပြောဆိုဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။
ဒါကာအစိုးရဘက်က ဟာစီနာရဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး တောင်းဆိုချက်ကို ပယ်ချလိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တင်းမာမှုအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
Source: Reuters











