ဝန်ကြီးချုပ်ဟောင်း ဟာစီနာ ပြန်လာပါက ဖမ်းဆီး ထောင်ချမည်ဟု ဘင်္ဂလားဒေ့ရှ်ပြော

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာဟာ ဒီဇင်ဘာလထဲမှာ နိုင်ငံကို ပြန်လာဖို့ စီစဉ်နေတာကြောင့် နိုင်ငံရေးတင်းမာလာပြီး လမ်းပေါ်မှာပါ အကြမ်းဖက်မှုတွေ ဖြစ်လာနေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ရှာမာ အိုဘေ့ဒ်အစ္စလာမ်က ဟာစီနာသာ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာရင် ချက်ချင်းဖမ်းဆီးပြီး ထောင်ချမယ်လို့ နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ်ကတည်းက အိန္ဒိယမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဟာစီနာကို ပြန်လွှဲပေးဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပြီး ရှိပြီးသား သဘောတူစာချုပ်အတိုင်း နယူးဒေလီဘက်က လိုက်နာလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး အိုဘေ့ဒ် က ရိုက်တာကို ပြောပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဌာနကတော့ ဘာမှ မတုံ့ပြန်သေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို စဉ်စားနေဆဲဖြစ်ကြောင်း ပြောဖူးပါတယ်။
ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်မှာ သေဒဏ်ချမှတ်ခံထားရသလို သူ့ရဲ့ အဝါမီလိဂ်ပါတီလည်း ၂၀၂၄ အရေးအခင်းကြောင့် ပိတ်ပင်ခံထားရပါတယ်။ အဲဒီတုန်းက လူ ၁,၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ဝန်ကြီး အိုဘေ့ဒ် ကတော့ ဟာစီနာ နိုင်ငံထဲ ဝင်လာတာနဲ့ ဖမ်းဆီးမယ်၊ ထောင်ချမယ်၊ ဥပဒေအတိုင်း အရေးယူမယ်လို့ အင်တာဗျူးတခုမှာ ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ဟာစီနာကို ထောက်ခံသူတွေ လမ်းပေါ်ထွက်လာကြပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ခရိုင် ၂၈ ခုမှာ လက်လုပ်ဗုံး ပေါက်ကွဲတာတွေနဲ့ ကားမီးရှို့တာတွေ ဖြစ်ပွားခဲ့ပြီး ရဲနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
အိုဘေ့ဒ်က ဒီအကြမ်းဖက်မှုတွေဟာ နိုင်ငံရေးအရ ဒေဝါလီခံနေရတဲ့ ဟာစီနာတို့ပါတီ ရှင်သန်ရပ်တည်ဖို့ လုပ်နေတဲ့ နည်းဗျူဟာသက်သက်ပါပဲလို့ ဝေဖန်ပါတယ်။
အဝါမီလိဂ်ပါတီ တာဝန်ရှိသူ ခါလစ်ဒ် မာမွဒ် ချောင်ဒရီက အခုလို အကြမ်းဖက်တာတွေ ဖြစ်ရတာဟာ လက်ရှိ အာဏာပိုင်တွေကြောင့်လို့ တုံ့ပြန်ပါတယ်။
ဟာစီနာကို ပြန်ခေါ်ဖို့ လေယာဉ်စေလွှတ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ တရားဝင်ဆွေးနွေးတာ မရှိသေးဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို မထိခိုက်စေဘဲ အိန္ဒိယနဲ့ ဟန်ချက်ညီတဲ့ ဆက်ဆံရေးမျိုးကိုပဲ လိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်အပေါ် ဘယ်လို နိုင်ငံခြားရေးမူဝါဒမျိုး ကျင့်သုံးသင့်လဲဆိုတာ အိန္ဒိယ ဆုံးဖြတ်ဖို့ လိုပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး အိုဘေ့ဒ်က ပြောပါတယ်။
Source: Reuters











