DVB Logo
Home
နိုင်ငံတကာ

ဟာဆီနာ ပြန်လာမည့်အစီအစဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ရဲစခန်းနှင့် မော်တော်ယာဉ်များ မီးရှို့ခံရ

DVB
·
November 19, 2026
ဟာဆီနာ ပြန်လာမည့်အစီအစဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ရဲစခန်းနှင့် မော်တော်ယာဉ်များ မီးရှို့ခံရ
Donate to DVB

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာ ပြည်တော်ပြန်လာမဲ့ အစီအစဉ်ကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ နိုဝင်ဘာ ၁၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရဲတပ်ဖွဲ့ပိုင်ယာဉ် အများအပြားနဲ့ ရဲစခန်းဝင်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဟာဆီနာရဲ့ တားမြစ်ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးပါတီကို ထောက်ခံသူတွေက ပဋိပက္ခတွေ၊ ဗုံးပေါက်ကွဲမှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတာကြောင့် အာဏာပိုင် တွေက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတဝန်း လုံခြုံရေးတိုးမြှင့်ပြီး လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို နေရာချထားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လက ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနောက်ပိုင်း ဒါကာမြို့ကနေ ထွက်ပြေးပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နေထိုင်နေတဲ့ ဟာဆီနာဟာ ဒီဇင်ဘာလမှာ ပြန်လာဖို့ စီစဉ်ထားကြောင်း ပြောဆိုပြီး နိုင်ငံကူးလက်မှတ်အသစ်နဲ့ မှတ်ပုံတင်ကတ်အသစ် ထုတ်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါပေမဲ့ အစိုးရက သူ့ရဲ့ တောင်းဆိုချက်ကို လက်ရှိအချိန်အထိ ပယ်ချထားတာကြောင့် အာဝါမီလိဂ်  ပါတီဝင်တွေနဲ့ ထောက်ခံသူတွေက လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အဲဒီပါတီဟာ ဟာဆီနာ ပြန်လာရေး ထောက်ခံမှုတွေ စုစည်းဖို့ တပတ်ကြာ ဆန္ဒပြပွဲနဲ့ စုဝေးပွဲ အစီအစဉ်တွေကို ကြေညာခဲ့ပြီး အဲဒီလှုပ်ရှားမှုတွေရဲ့ အဆုံးသတ်အဖြစ် နိုဝင်ဘာ ၁၉ ရက်မှာ နိုင်ငံတဝန်း ပိတ်ဆို့ကန့်သတ်မှုတွေ (lockdown) ပြုလုပ်ဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ခရိုင် ၂၈ ခုထက်မနည်း လက်လုပ်ဗုံးပေါက်ကွဲမှု ဒါဇင်ပေါင်းများစွာနဲ့ မော်တော်ယာဉ် မီးရှို့ခံရမှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013