DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာနေရပ်ပြန်ပို့ရေး AA နှင့် ဆွေးနွေးနေဟု ဘင်္ဂလားဒေ့ရှ်ပြော
DVB
·
November 9, 2026
Photo: New Age
Photo: New Age
Donate to DVB

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အရေး မြန်မာစစ်အာဏာရှင်အစိုးရနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖွဲ့လုံးနဲ့ ဆက်သွယ်ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ရှမာ အိုဘဲဒ်အစ္စလာမ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမျိုးသားအဆင့် မဟာဗျူဟာတရပ် ရေးဆွဲနိုင်ဖို့ ကော်မတီတရပ် ဖွဲ့စည်းထားပြီး အဲဒီကတဆင့် မြန်မာစစ်အစိုးရနဲ့ AA နှစ်ဖွဲ့လုံးနဲ့ ဆွေးနွေးနေတာလို့ ဒါကာမြို့ CIRDAP ခန်းမမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒုဝန်ကြီး ရှမာ အိုဘဲဒ် အစ္စလာမ်က ပြောကြားခဲ့တာပါ။

“အစိုးရဟာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် မဟာဗျူဟာတရပ် ရေးဆွဲဖို့ ကော်မတီတရပ် ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မတီအောက်မှာ မြန်မာအစိုးရနဲ့ ဆွေးနွေးနေသလို အာရက္ခတပ်တော်နဲ့လည်း အဆက်အသွယ်တည်ဆောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ နိုင်ငံရေးပြဿနာတရပ်လို ဖြစ်လာနေပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာ သမားရိုးကျ သံတမန်ရေးလမ်းကြောင်းတွေကတဆင့် အမြဲတမ်း အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆခြင်းဟာ အလွန်ရိုးအီလွန်းရာကျတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေဟာ တည်ငြိမ်မှု လုံးဝမရှိသေးသလို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးလည်း သဘောတူညီချက်တရပ် ရရှိလာစေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို နိုင်ငံတကာ အသိုက်အဝန်းက ဖိအားပေးနိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးပါတီတွေကလည်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ သူက ဆိုထားပါတယ်။

ဒုဝန်ကြီး ရှမာအိုဘဲဒ်အစ္စလာမ်က “နိုင်ငံတကာအသိုက်အဝန်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲလာစေဖို့ ဖိအားပေးဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံမှာပဲ နေထိုင်သူတွေဖြစ်ပြီး အဲဒီနိုင်ငံကို ပြန်သွားခွင့် ရသင့်တယ် ဆိုတာကို အသိအမှတ်ပြုလာစေဖို့ လိုအပ်ပါတယ်” လို့ ထပ်မံပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကုန်းမြေ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာအရေးကို လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတရပ်အဖြစ်ထက် မဟာဗျူဟာရှုထောင့်က ကြည့်ရှုကြဖို့လည်း လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ရဲ့ အကြံပေးဟောင်း၊ အငြိမ်းစား ဗိုလ်မှူးချုပ် အမ်ဆာခါဝပ်ဟူစိန် ကလည်း မနေ့ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။

“ကျနော်တို့ဟာ မဟာဗျူဟာမြောက် ကစားပွဲတခုကို ကစားရပါမယ်။ မကြာခင်မှာပဲ ရခိုင်ဟာ ကွန်ဖယ်ဒရိတ် ပြည်နယ်တခု ဒါမှမဟုတ် အလားတူပုံစံတခု ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ဟာ အာရက္ခတပ်တော်နဲ့ တိုက်ရိုက်ဖြစ်စေ၊ ကြားခံ တတိယအဖွဲ့အစည်းတွေကတဆင့် ဖြစ်စေ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဆွေးနွေးညှိနှိုင်းရပါမယ်။”

ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ကို အကူအညီတွေ ပေးမှာမဟုတ်ဘူးလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၂ သိန်းကျော်လောက် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ပြောထားပြီး ဘင်္ဂလားဒေ့ရှ်က လူဦးရေ ၈၂၀,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဘက် ပို့ဆောင်ထားပေမဲ့ မြန်မာစစ်အစိုးရဘက်ကတော့ ပေးပို့ထားတဲ့ အချက်လက်တွေထဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ ၃၀၈,၀၀၀ ကျော်သာ ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတခုလုံးကို အာရက္ခတပ်တော်က အပြည့်အဝ ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Ref: New Age

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013