ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် အလုပ်သမားတွေရဲ့ သပိတ်မှောက် ဆန္ဒပြမှုကြောင့် အထည်ချုပ်လုပ်ငန်း အဓိကလုပ်ကိုင်ရာ မြို့တွေက စက်ရုံအများအပြားကို ပိတ်ထားရပါတယ်။
မကြာသေးတဲ့ သီတင်းပတ်ကုန်ပိုင်းအချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့က ဆာဗာ၊ အာရှူလီယာနဲ့ ဂါဇီပူရ် လိုမျိုး အထည်ချုပ်လုပ်ငန်းအတွက် အချက်အချာကျတဲ့မြို့တွေမှာ စက်ရုံပေါင်း ၁၅၀ နီးပါးကို ပိတ်လိုက်ရပါတယ်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍကနေ နှစ်စဉ် ပြည်ပပို့ကုန်အဖြစ် ဒေါ်လာဘီလီယံ ၄၀ လောက်ကို ရှာဖွေပေးနေသလို ဒါဟာ နိုင်ငံအတွက် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၁၀ ရာခိုင်နှုန်းလည်း ဖြစ်တဲ့အလျောက် အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်ပါတယ်။
လောလောဆယ် သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာအရ ပြည်တွင်းသုံး တာကာငွေ ၁၂,၅၀၀ သာ ရရှိနေတာကြောင့် ဆန္ဒပြအလုပ်သမားတွေဘက်က တလကို တာကာငွေ ၃၀,၀၀၀၊ ဒေါ်လာအားဖြင့် ၂၄၀ အထိ အနိမ့်ဆုံးသတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။
လက်ရှိ အခြေခံလစာနှုန်းထားနဲ့ လူနေမှုစရိတ် မြင့်တက်လာတာကို ရင်ဆိုင်ဖြေရှင်းဖို့ မလောက်ငဘူးဆိုပြီး အလုပ်သမားတွေက ထောက်ပြကြပါတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက် ဖြစ်တဲ့ ဂျိုလီ တာလွတ်ခ်ဒါ ကလည်း “သူတို့တောင်းဆိုနေတာဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ လုံလောက်ရုံပမာဏပါ။ ဒီလိုမျိုး လူသားတယောက်ရဲ့ အခြေခံလိုအပ်ချက်ကို အသိစိတ်ရှိတဲ့ ဘယ်လိုလူတွေအနေနဲ့ ဆန့်ကျင်ရက်တာလဲ” ဆိုပြီး မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့လည်း “အလုပ်မဆင်းရင် လစာမပေးဘူး” (No Work No Pay) ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေအရ စက်ရုံပိုင်ရှင်တွေက လုပ်ငန်းလည်ပတ်မှုကို ရပ်ထားနိုင်တဲ့အပြင် လစာတွေပါ မပေးဘဲ ဆိုင်းငံ့ပိုင်ခွင့် ရှိနေပါတယ်။
ဒါ့အပြင် ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဘင်္ဂလားဒေ့ရှ်ဟာ အသင့်ဝတ်အထည်တင်ပို့မှု (Ready-to-Wear) ဒုတိယအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းက ဝန်ထမ်းဦးရေ ၄ သန်းအတွက် အလုပ်ပေးထားနိုင်ပြီး Zara, H&M နဲ့ Primark စတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ အဝတ်အထည်တွေကို ချုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အထည်ချုပ်အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်သတ်မှတ်ပေးရမဲ့ ဘုတ်အဖွဲ့ကို အစိုးရက ဖွဲ့စည်းပေးခဲ့ပြီးနောက် လာမဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ နှုန်းထားအသစ် စတင် အသက်ဝင်လာနိုင်ခြေ ရှိတဲ့အကြောင်း ဖော်ပြထားပါတယ်။
Source: Reuters











