ဘင်္ဂလားဒေ့ရှ်အာဏာရပါတီရုံးကို ဟာစီနာထောက်ခံသူများက ဖျက်ဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာစီနာကို ထောက်ခံသူတွေက အာဏာရပါတီရဲ့ ဒေသတွင်းရုံးခန်းကို ဖျက်ဆီးခဲ့ပါတယ်။
ဟာစီနာကို ထောက်ခံသူတွေက တနိုင်ငံလုံးက စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ရာကနေ နိုဝင်ဘာ ၁၉ ရက်မှာ အကြမ်းဖက်မှုအသစ်တွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒါပေမဲ့သူတို့ရဲ့ ပိတ်ဆို့မှုဟာ တစိတ်တပိုင်းလောက်သာ အောင်မြင်ခဲ့ပြီး၊ လက်ရှိဝန်ကြီးချုပ် တာရစ် ရာမန်ကတော့ ဒီမငြိမ်မသက်မှုတွေအတွက် အိန္ဒိယနိုင်ငံကို အပြစ်တင် ပြောဆိုလိုက်ပါတယ်။
ဟာစီနာရဲ့ ဇာတိမြေ ဂိုပယ်လ်ဂန့်ဂျ်ခရိုင်မှာ သူ့ထောက်ခံသူတွေက အာဏာရ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ရဲ့ ဒေသတွင်းရုံးခန်းကို ဖျက်ဆီးခဲ့တဲ့အပြင် ဒါကာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာလောက်က ဆိပ်ကမ်းမြို့ စစ်တကောင်းက ခေါင်းဆောင်ဟောင်း မိုဟာမက် ယူနွတ်စ်ရဲ့ ဘိုးဘွားပိုင် နေအိမ်လည်း နိုဝင်ဘာ ၁၈ ရက်ညပိုင်းမှာ မီးရှို့ခံခဲ့ရပါတယ်။
အဆောက်အအုံအောက်ထပ်က အသုံးမပြုတဲ့ အခန်းထဲကို မီးလောင်လွယ်တဲ့ ပစ္စည်းတွေ ပစ်သွင်း ခံခဲ့ရတာ ဖြစ်နိုင်ပြီး အပေါ်ထပ်တွေမှာ နေထိုင်ကြတဲ့ ယူနွတ်စ်ရဲ့ ဖခင်ဘက်က မိသားစုဝင်တွေက တော့ ဘေးကင်းလုံခြုံမှု ရှိကြောင်း ရဲအရာရှိ မိုဇမ်မယ် ဟက်ခ်က ပြောပါတယ်။
တရုတ်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်အလိပ်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၁၇၅ သန်း လောက်ရှိတဲ့ မွတ်စလင်အများစု နေထိုင်ရာ ဒီနိုင်ငံမှာ အခုလို မငြိမ်မသက်မှုတွေ မြင့်တက်လာတာ ဟာ ဒီနှစ် ရွေးကောက်ပွဲ အပြီးမှာ ဟာစီနာရဲ့ ပြိုင်ဘက် တာရစ်ရာမန် အာဏာရလာပြီးနောက်ပိုင်း ရရှိထားတဲ့ မခိုင်မြဲသေးတဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လက သူ့အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ကျောင်းသားအုံကြွမှု ဖြစ်ပွားအပြီး နိုင်ငံကနေ ထွက်ပြေးသွားခဲ့ကာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ နေထိုင်နေတဲ့ ဟာစီနာက လာမဲ့ ဒီဇင်ဘာလမှာ နိုင်ငံကို ပြန်လာဖို့ စီစဉ်ထားကြောင်း ပြောကြားလိုက်ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။
ဟာစီနာ နိုင်ငံကို ပြန်လာနိုင်ဖို့ နိုင်ငံကူးလက်မှတ်သစ်နဲ့ မှတ်ပုံတင်ကတ်အသစ် ထုတ်ပေးဖို့ တောင်းဆိုချက်ကို အစိုးရက ငြင်းပယ်ခဲ့တဲ့အပေါ် တပတ်ကြာ ဆန္ဒပြပွဲတွေနဲ့ လူထုစုဝေးပွဲတွေ ပြုလုပ်အပြီးမှာတော့ လက်ရှိ တရားမဝင်အသင်းအဖြစ် ကြေညာခံထားရတဲ့ သူ့ရဲ့ အာဝါမီလိဂ် ပါတီက ကြာသပတေးနေ့မှာ နိုင်ငံတဝန်း ပိတ်ဆို့ လော့ဒေါင်းချဖို့ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။
အမည်မဖော်လိုသူ အဝါမီလိဂ် ပါတီခေါင်းဆောင်တယောက်ကတော့ ၂၀၂၄ ဩဂုတ် ၅ ရက်တုန်းက သူတို့ခေါင်းဆောင်ကို ယူနွတ်စ်အစိုးရက ပူးပေါင်းကြံစည် မောင်းထုတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေသလို ပြည်သူတွေလည်း လွတ်လပ်စွာ သွားလာလို့ မရတော့တာကြောင့် ဟာစီနာ ပြန်လာပြီး ပိုကောင်းတဲ့ ဘဝမျိုး ပြန်ရဖို့ တနိုင်ငံလုံးက စောင့်မျှော် နေကြကြောင်း ပြောပါတယ်။
ဒါ့အပြင် ဂိုပယ်လ်ဂန့်ဂျ်ခရိုင်ထဲက အိမ်တိုင်းလိုလိုမှာ ဟာစီနာ ထောက်ခံသူ တယောက်ကို အမှုပေါင်း ၁၀ မှုကနေ ၁၅ မှုအထိ တရားစွဲဆိုခံထားရလို့ ကိုယ့်အိမ်မှာတောင် မိသားစုနဲ့ အေးအေးချမ်းချမ်း မနေနိုင်ဘဲ ပုန်းရှောင်နေရတာကြောင့် အခုလို လမ်းပေါ်ထွက်လာရတာဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ နိုင်ငံကို ပြန်လာနိုင်တဲ့အထိ လမ်းပေါ်ကနေ လုံးဝမဆုတ်ခွာဘူးလို့ ပါတီဆောင်ပုဒ် ကြွေးကြော်သံတွေနဲ့အတူ ပြောကြားခဲ့ပါတယ်။
Source:Reuters











