
ရေဘေးနဲ့ တောင်ပြိုသဘာဝဘေး ခံစားခဲ့ရတဲ့ တနင်္ဿာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်လုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ တိုက်ပွဲရပ်ထားပေမဲ့ စစ်အာဏာရှင်ဘက်ကတော့ အခွင့်အကောင်းယူပြီး စစ်အင်အား ဖြန့်ကြက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးနဲ့ တောင်ပြိုဘေးတွေကြောင့် ဒုက္ခရောက်နေရပေမဲ့ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလို့ လက်ရှိမှာ စစ်ဘေးရှောင်နေရတဲ့ ရွာ ၇ ရွာလောက် ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်အောင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်ရှိမှာ စစ်ရေးဖော်ဆောင်မှုကို ရပ်နားထားပြီး တိုက်ပွဲတွေကို တားမြစ်ထားသလို ကိုယ်တိုင်ကူညီမှုတွေ လုပ်ဆောင်နေပေမဲ့ စစ်တပ်ကတော့ သဘာဝဘေးဒုက္ခအပေါ် အခွင့်အရေးယူနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃၊ ထားဝယ်ခရိုင်၊ အမှတ် ၈၀၀၃ တပ်ရင်းရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
“သရက်ချောင်းမှာလည်း လက်ရှိ ရေဘေးရော၊ တောင်ပြိုဘေးရော ဖြစ်နေတယ်။ အဓိက အဆိုးဆုံးကတော့ လောင်းလုံးမြို့နယ်ပေါ့။ လက်ရှိမှာဆိုရင် သရက်ချောင်းမြို့နယ်မှာဆိုရင် စစ်အင်အား တော်တော်များများ ဖြန့်ကြက်ထားထားတာ ရှိတယ်။ လက်ရှိ ကျနော်တို့ လောင်းလုံးမြို့နယ်မှာဆိုရင် စစ်အင်အား ၃၀၀ ဝန်းကျင်လောက် ခန့်မှန်းလို့ရတယ်။ သရက်ချောင်းမှာဆိုရင်လည်း ၃၀၀ အထက်ရှိတယ်။ နေရာအသီးသီးကို ဖြန့်ကြက်ထားတဲ့ ပုံစံမျိုး ရှိတယ်။ အဓိကကတော့ အခွင့်အရေးယူတဲ့ သဘောပေါ့။ လက်ရှိမှာဆိုရင် ပွင့်လင်းရာသီ ရောက်လာတော့မယ်ဆိုတော့ ဒါ သူတို့အတွက် အခွင့်အရေးအကြီးကြီး ဖြစ်သွားတာပေါ့။ ကျနော်တို့ကလည်း လက်ရှိမှာ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စစ်ရေးကို ခေတ္တခဏ ရပ်ဆိုင်းပေးထားတယ် ဆိုတော့လေ သူတို့အတွက်တော့ အခွင့်အရေး အကြီးကြီး ဖြစ်သွားတာပေါ့။”
လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေရဲ့ လက်ရှိအခြေအနေဟာ ရေပြန်ကျသွားပေမဲ့ တောင်ပြိုထားတာကြောင့် မြေနီတွေဖုံးလွှမ်းနေပြီး ကားလမ်းတွေလည်း ပိတ်နေတာကြောင့် အကူအညီ မရောက်နိုင်တဲ့ရွာတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကပ်ဘေးဒဏ်ခံနေရတဲ့ လောင်းလုံးမြို့နယ်မှာ ကယ်ရေးလုပ်ဖို့လာတဲ့ စစ်အာဏာရှင်တပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို PDF တွေက ချောင်းမြောင်းပစ်ခတ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီ မသွားရောက်နိုင်ဘူးလို့ဆိုပြီး ဝါဒဖြန့်နေကြပါတယ်။
ဒီလို ဝါဒဖြန့်တာ မမှန်ကန်ကြောင်း၊ တိုက်ပွဲတွေ လတ်တလောမှာ ရပ်နားထားသလို ကူညီကယ်ဆယ်ရေးတွေလည်း လွတ်လွတ်လပ်လပ်လုပ်လို့ ရနေတဲ့ အနေအထားဖြစ်တယ်လို့ လောင်းလုံး ဒေသခံတယောက်က ပြောပါတယ်။
“ဒီဘက်ကတော့ ဘာမှမလုပ်ဘူး။ အကုန်လုံး ရပ်စဲထားတယ် သူတို့၊ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့ အကုန်လုံး ပွင့်ပွင့်လင်းလင်း လုပ်လို့ရတယ်။ ဘာမှ အဟန့်အတား မရှိဘူး။”
လောင်းလုံးဒေသခံတွေကို လာရောက်ကူညီတဲ့ အဖွဲ့အစည်းတွေ ရှိကြတဲ့အတွက် အစားအသောက်၊ ရေ၊ ဆေးဝါးတွေက သူ့ဟာနဲ့သူ အဆင်ပြေပေမဲ့ တောင်ပြိုပြီး မြေဖုံးလွှမ်း ပျက်စီးမှုတွေကြောင့် လမ်းပေါ်မှာ မြေထုတွေ လေးငါးပေလောက် ဖုံးလွှမ်းနေတာကြောင့် ဒါတွေကို ဖယ်ရှားပေးဖို့ စက်ယန္တရား အကူအညီတွေ လိုအပ်ပြီး မိုးထပ်ရွာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
လောင်းလုံးဒေသခံတယောက်က “အဓိကကတော့ ကျနော်တို့ဘက်မှာ စက်ယန္တရားတွေပဲ လိုအပ်တယ်။ ကျနော်တို့ဘက်မှာ ရေကြီးတာ သက်သက် မဟုတ်ဘူးလေ။ တောင်ပြိုတယ်ဆိုတော့ ဗွက်တွေက အကုန်လုံး လမ်းတွေကို ဖုံးသွားတာ။ အဲဒါတွေက နည်းနည်း လမ်းသွားလို့ရအောင်ပဲ ဖော်ထားတာ၊ တကယ်လို့ မိုးကရွာရင် လမ်းက ပြန်ဖုံးသွားမှာ ကျနော်တို့ဆီမှာ။ မိုးရွာရင်တော့ ကျနော်တို့ လမ်းတွေက ပြန်ဖုံးမှာပဲ၊ အခုက သွားလို့ရသလောက်ပဲ ဖော်ထားတာ၊ မြေတွေက လေးငါးပေလောက် မြင့်တယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ ညအချိန်ထိကို တောင်ထပ်ပြိုတဲ့ အခြေအနေတွေ ရှိတယ်လို့လည်း သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်အထိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ မေတ္တာနဲ့ ကလိန်အောင် ဒေသခွဲတွေမှာ မိုးသက်လေပြင်းကျပြီး မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၄ ရက်မှ ၆ ရက်အတွင်း မေတ္တာ၊ ထားဝယ်-ထိုင်းနယ်စပ်သွား ကားလမ်းတလျှောက်နဲ့ တောင်စောင်းဒေသတွေမှာ စုစုပေါင်း မိုးရေချိန် ၁၅၀ မီလီမီတာကျော် ထပ်မံရွာသွန်းနိုင်တာကြောင့် အရင်မြေပြိုထားတဲ့ နေရာတွေနဲ့ တောင်စောင်းရွာတွေမှာ ထပ်မံမြေပြိုကျနိုင်ခြေမြင့်မားတဲ့ အန္တရာယ် ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။
မြတ်သဇင်










