Home
မြန်မာသတင်း
စက်ရုံအချို့တွင် ဒေးကြေးတိုးပေးပြီးနောက် အဆောင်ငှားခစျေးတက်မှု ကြုံတွေ့
DVB
·
July 10, 2025

စက်ရုံတချို့မှာ တရက်လုပ်ခ (ဒေးကြေး) တိုးပေးတာ ရှိလာပြီးနောက် အဆောင်ခန်းငှားခ စျေးတင်တောင်းတာတွေ ကြုံလာရတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။

စက်ရုံလုပ်သားတွေ လုပ်ခတိုးလာတဲ့အတွက် စျေးတင်ရတာလို့ အဆောင်ဖွင့်လှစ်ထားသူတွေက အကြောင်းပြ ပြောဆိုတာတွေ ရှိနေတာလို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။

ရွှေပြည်သာမြို့နယ်မှ အဆောင်နေ စက်ရုံလုပ်သားတယောက်က “အဆောင်ခက ၂၀,၀၀၀ တက်သွားတယ်။ ဒီမှာက လုပ်ခတိုးပေးတဲ့စက်ရုံက အလုပ်သမားတွေရှိသလို အရင်လုပ်ခအတိုင်းပဲ ဆက်ရနေသေးသူတွေလည်း ရှိနေတာ။ အဆောင်ရှင်က အဲဒါဂရုမစိုက်ဘဲ စျေးတက်လိုက်တာ” လို့ ပြောပါတယ်။

အဆောင်အခန်းတွေအနေနဲ့ နေရာအကျယ်အဝန်းပေါ် မူတည်ပြီး တယောက်ကို ကျပ် ၆၀,၀၀၀ ကနေ ၈၀,၀၀၀ အထိ ပေါက်စျေးရှိကာ တချို့အဆောင်တွေက ကျပ် ၂၀,၀၀၀ ထက်မနည်း စျေးတင်လိုက်တာတွေ ရှိနေတာလို့ အလုပ်သမားတွေက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတယောက်က “အဆောင်တိုင်းတော့ စျေးမတက်ဘူး။ လုပ်ခတိုးပေးတဲ့ အလုပ်သမားတွေ အနေများတဲ့ အဆောင်တွေ စျေးတက်တယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့က စက်ရုံတချို့မှာ ပြီးခဲ့တဲ့လပိုင်းက လုပ်ခတိုးပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ကာ နှစ်ဖက်ညှိနှိုင်းပြီး တိုးပေးလိုက်တာတွေရှိသလို စက်ရုံတချို့က ဆန္ဒပြတောင်းဆိုတာ မဖြစ်ခင် အလိုက်သင့် လုပ်ခတိုးပေးလိုက်တာတွေ ရှိခဲ့ပါတယ်။

အဲဒီစက်ရုံတွေက အရင် တရက်လုပ်ခ ၆,၈၀၀ ကျပ်နှုန်း ပေးရာကနေ ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ တိုးပေးလိုက်တာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024