
အခုသီတင်းပတ်အတွင်း နီပေါနိုင်ငံ ဘုတ်ကိုရှီမြစ်မှာ လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး လူနှစ်ဒါဇင်ကျော် ပျောက်ဆုံးနေတဲ့ ရေကြီးမှုကြောင့် တရုတ်နိုင်ငံ တိဘက်ဒေသမှာရှိတဲ့ ရေခဲမြစ်တစင်းပေါ်က ရေကန်ကျိုးပေါက်သွားတယ်လို့ ဒေသဆိုင်ရာ ရာသီဥတု စောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
ဇူလိုင် ၈ ရက်မှာ ရေကြီးပြီးတဲ့နောက် နီပေါနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်တဲ့ ချစ်ကြည်ရေးတံတားလည်း မျောပါသွားခဲ့တာပါ။
နီပေါနိုင်ငံမှာ တရုတ်ပြည်မကြီးအစိုးရက အကူအညီပေးထားတဲ့ ကုန်းတွင်းကုန်သေတ္တာ သိုလှောင်ရုံက တရုတ်လုပ်သား ၆ ယောက် အပါအဝင် လူ ၁၉ ယောက်ထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ရေကြီးလို့ ပျက်စီးသွားတဲ့ ကားတွေပေါ်က ကုန်ပစ္စည်းတွေကို ပြန်ချနေတဲ့ ဒေသခံတွေကို တွေ့မြင်ရပါတယ်။
ခြေလျင်ခရီးသည်တွေလည်း တခြားလမ်းကြောင်းတွေကိုရှာပြီး သွားလာနေကြရပါတယ်။ ဇွန်လကနေ စက်တင်ဘာလအတွင်း မုတ်သုံလေကြောင့် နီပေါမှာ အကြီးအကျယ် ရေကြီးမြေပြိုလေ့ ရှိပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုပုံစံတွေ၊ ဆက်တိုက်ဆိုသလို မိုးရွာသွန်းမှု၊ လျှပ်တပြက် ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ရေခဲမြစ်တွေပေါ်က ကန်တွေ ရေလျှံမှုတို့လို ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို နီပေါက ခံနိုင်ရည်မရှိဘူးလို့ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Source: Reuters