Home
မေးမြန်းခန်း
“ရွေးကောက်ပွဲလုပ်မှ အရပ်သားအစိုးရ ပေါ်လာမယ်”-ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း 
နန်းမြနဒီ
·
July 4, 2025

၂၀၂၅ ဒီဇင်ဘာလမှာ စတင်ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲကို ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (Shan & Nationalities Democratic Party - SNDP) ကလည်း ဝင်ပြိုင်ဖို့ ပြင်ဆင်နေပြီး မြန်မာပြည်ဒေသအနှံ့မှာ ပါတီရုံးခန်းတွေတိုးချဲ့ဖွှင့်လှစ်နေပါတယ်။

ရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်းနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို DVB  သတင်းထောက် နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ၂၀၂၅ ရွေးကောက်ပွဲအတွက် ကျားဖြူပါတီရဲ့  ကြိုတင်ပြင်ဆင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ - “ကျနော်တို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီဆိုတော့ ပါတီဝင်လည်း ပြည့်သွားပြီ၊ တနိုင်ငံလုံး ဖွင့်ရမယ့်ရုံးပေါင်း ၁၁၀ လည်း ကျော်သွားပြီ၊ အဲဒီတော့ သတ်မှတ်တဲ့ စံချိန်စံနှုန်းအတိုင်းတော့ အောင်မြင်သွားပြီပေါ့ဗျာ။” 

မေး - တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့ ဘယ်တိုင်းနဲ့ ပြည်နယ်တွေ အဓိက ပါပါသလဲ။

ဖြေ - “တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် တနိုင်ငံလုံးပြိုင်မှာပါ။”

မေး - ကျားဖြူပါတီက အရင်ကတော့ ရှမ်းတိုင်းရင်းသားကိုယ်စားပြုပေါ့နော်၊ အခုလို မူဝါဒပြောင်းပြီး ရှမ်းမဟုတ်တဲ့ အခြား တိုင်းနဲ့ ပြည်နယ်တွေမှာပါ ဝင်ပြိုင်မယ်ဆိုတော့ သက်ဆိုင်ရာ ဒေသခံတွေရဲ့ လက်ခံမှု၊ ပူးပေါင်းပါဝင်မှု ဘယ်လိုရှိပါသလဲ။

ဖြေ - “ဟုတ်တယ်၊ အရင်တုန်းက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီပဲလို့ ပြောတယ်လေ။ အခုက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကျားဖြူပါတီ၊ ရှမ်းတခုတည်းမဟုတ်ဘူး၊ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးလုံး ပါတယ်။ ပူးပေါင်းပါဝင်မှုက တိုင်းဒေသကြီးတွေက အရမ်းကောင်းပါတယ်။ ကျနော်တို့ပါတီကို တော်တော်လေး သဘောကျတယ်။ ကျနော်တို့က ဘယ်ဘက်မှလည်း မဟုတ်ဘူးလေ။ ကျားဖြူ ဆိုတော့ကာ အစိမ်းလည်းမဟုတ်ဘူး၊ အနီလည်းမဟုတ်ဘူး၊ အပြာလည်းမဟုတ်ဘူး။ အဖြူသန့်သန့်ပဲဆိုတော့ ပြည်မက တိုင်းဒေသကြီးကလည်း ယုံကြည်မှုရှိတာပေါ့။ အဲဒါကြောင့် ပါတီဝင်တွေက ၅၀၀,၀၀၀ ကျော်ရှိပြီ။ ကျနော်တို့က တိုင်းနဲ့ပြည်နယ်အလိုက် အမှုဆောင်ဖွဲ့တယ်၊ မြို့နယ်အလိုက် အမှုဆောင်ဖွဲ့တယ်၊ နောက် ရပ်ကျေးစည်းရုံးရေးမှူးတွေ ဖွဲ့တယ်။”

မေး - စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲပေါ်မှာ ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိပါသလဲ။

ဖြေ - “ကျနော်တို့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်ပါတီလို့ ဘာဖြစ်လို့ ခေါ်ရသလဲဆိုတော့ ပြည်ထောင်စုမြန်မာနိုင်ငံကြီးဟာ လွတ်လပ်ရေးစရပြီးကတည်းက ၁၉၄၈ လွတ်လပ်ရေးရတယ်၊ မကြာခင် ဗမာပြည်ကွန်မြူနစ်ပါတီက တောခိုတယ်၊ ကျန်တဲ့ တိုင်းရင်းသား မွန်တွေ၊ ကရင်တွေ၊ ကရင်နီတွေ၊ ပအိုဝ်းတွေ အကုန်လုံး တောခိုကြတယ်လေ။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တယ်၊ လွတ်လပ်ရေးရကတည်းက အခုအချိန်ထိ ပဋိပက္ခတွေက အရမ်းကြာညောင်းလာပြီလေ၊  နှစ်ပေါင်း ၈၀ နီးပါးတောင် ကပ်လာပြီလေ။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှမ်းရယ်၊ ဗမာရယ်၊ ကချင်ရယ်၊ ချင်းရယ် စုပေါင်းပြီးတော့ ပင်လုံစာချုပ် ချုပ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာတယ်။ အဲဒီပြည်ထောင်စုကြီးမှာ ရှမ်းက အဓိကပါဝင်တဲ့ လူမျိုးတမျိုးအနေနဲ့ ကျနော်တို့ ဒီပြည်ထောင်စုကြီးကို မပြိုကွဲသွားအောင်၊ ငြိမ်းချမ်းသွားအောင်၊ ဖွံ့ဖြိုးအောင်၊ တိုးတက်အောင်၊ ပြည်သူလူထုတရပ်လုံး ကြီးပွားတိုးတက်အောင် လုပ်သင့်တယ်။ ရှမ်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပူးပေါင်းပြီးတော့ ကြိုးပမ်းခဲ့သလို ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင်လည်း ကြိုးပမ်းခဲ့တယ်။ အခုက ပြည်ထောင်စုကြီးက ပဋိပက္ခတွေ များနေပြီ။ ပြည်သူလူထုကလည်း စစ်ဘေးစစ်ဒဏ် အများကြီးခံစားခဲ့ရပြီ။ စစ်ရှောင်ပြည်သူတွေလည်း သန်းဂဏန်းတောင် ရှိနေပြီ။ အဲဒီတော့ ငြိမ်းချမ်းအောင် ကြိုးစားမှ ရမယ်ဆိုပြီးတော့ ကျနော်တို့က  တနိုင်ငံလုံး ဝင်ပြိုင်မယ်။ တိုင်းပြည် ပြန်ပြီးတော့ အေးချမ်းအောင် ဖွံ့ဖြိုးအောင် ကြိုးစားမယ် ဆိုပြီးတော့ ကျနော်တို့က မူဝါဒချမှတ်ပြီးတော့မှ ကြိုးစားနေတာဖြစ်တယ်။ အဲလိုရှင်းပြလိုက်တော့ ပြည်မက ပုဂ္ဂိုလ်တွေကလည်း သဘောဆန္ဒတူညီပြီးတော့ ကျနော်တို့ပါတီထဲ တော်တော်များများ ပါလာတယ်။ ကျနော်တို့က တိုင်းပြည်ကို ပြုပြင်ပြီးတော့ တည်ဆောက်ချင်တဲ့ ပုဂ္ဂိုလ်တွေဗျ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူလူထုတရပ်လုံး ငြိမ်းချမ်းသာယာအောင်၊ စီးပွားတိုးတက်အောင် လုပ်ချင်တဲ့ဆန္ဒ ရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီ ထူထောင်ရခြင်း ဖြစ်ပါတယ်။”

မေး - ဒါဆိုရင် အရင်ကချမှတ်ခဲ့တဲ့ ပေါ်လစီမူဝါဒတွေ အပြောင်းအလဲရှိပါသလား။

ဖြေ - “ရှိတာပေါ့။ အရင်က ကျနော်တို့က ရှမ်းနဲ့ ကချင်ပြည်နယ်ပဲလေ။ အခုက ပြည်ထောင်စုတဝန်းလုံးလေ။ တကယ်လို့ စစ်ကိုင်းတိုင်းမှာ အေးချမ်းတဲ့ မြို့နယ်တွေ ရှိရင်လည်း ကျနော်တို့က ဝင်ပြိုင်ဦးမှာ၊ စစ်ကိုင်းမြို့မှာ ရုံးခန်းဖွင့်ဖို့တောင် စီစဉ်ထားတယ်။”

မေး - လက်ရှိ တနိုင်ငံလုံးမှာ ရုံးခန်းဘယ်လောက်ဖွင့်ပြီးပါပြီလဲ။

ဖြေ - “၁၃၀ ကျော်သွားပြီ။”

မေး - အခုလက်ရှိ နိုင်ငံရေးအခြေအနေအရ တဖက်ကလည်း လက်နက်ကိုင်တော်လှန်နေကြတာနဲ့  ရွေးကောက်ပွဲကို ဆန့်ကျင်တာတွေလည်း ရှိတယ်၊ အဲဒီတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့  ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မလဲ။

ဖြေ - “ကျနော်တို့အတွက်တော့ အခက်အခဲမရှိဘူးလို့ မြင်တယ်။ ကန့်ကွက်တဲ့လူတွေက ရွေးကောက်ပွဲမလုပ်ဘူးဆိုရင် စစ်တပ်ကို ဆက်ပြီးတော့ အုပ်ချုပ်ပါလို့ ပြောတာနဲ့ အတူတူပဲလေ။ ရွေးကောက်ပွဲမပေါ်လာရင် အရပ်သားအစိုးရဆိုတာ မပေါ်လာဘူးလေ၊ ဟုတ်တယ်မဟုတ်လား။ အဲတော့ကာ ရွေးကောက်ပွဲက လုပ်မှသာ အရပ်သားအစိုးရ ပေါ်လာမယ်။ ဆန်ရှင် (ပိတ်ဆို့မှု) တွေလည်း ပြုတ်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာမယ်။ အဲတော့ ပြည်သူလူထု ကြီးပွားတိုးတက်လာမှာပေါ့၊ ဖွံ့ဖြိုးတိုးတက်လာမှာပေါ့။

မေး - နောက်ကော မမေးဘဲနဲ့ ထပ်မံဖြည့်စွက်လိုတာတွေ ရှိပါသလား။

ဖြေ - “အားလုံးက ဒီမိုကရေစီလည်းလိုချင်တယ်၊ စစ်အုပ်ချုပ်ရေးလည်း မလိုလားဘူးဆိုရင် လာမယ့် ၂၀၂၅ ဒီဇင်ဘာ - ၂၆ ဇန်နဝါရီ အတောတွင်းလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြပါလို့၊ ပြည်သူလူထုတရပ်လုံး အသက် ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်း မဲပေးကြပါ၊ ကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးပါ၊ ဒါမှသာလျှင် အရပ်သားအစိုးရ ပေါ်လာမယ်၊ လွှတ်တော်တွေလည်း ပေါ်လာမယ်ဆိုတော့ တိုင်းပြည်အတွက် ပိုပြီးတော့ ကောင်းသွားမှာပါလို့။ အဲဒီတော့ ခေါင်းအေးအေးထားပြီး စဉ်းစားပါ။ ရွေးကောက်ပွဲမရှိရင် တပ်မတော်က ဆက်အုပ်ချုပ်သွားမှာပေါ့။ သူတို့က ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ အခွင့်အရေးက ပေါ်လာပြီဆိုတော့ ရွေးကောက်ပွဲကို လာရောက်ပြီးတော့ မဲပေးကြပါလို့ ပြည်သူလူထု တရပ်လုံးကို မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်လို့၊ အဲဒါပါပဲ ခင်ဗျာ။

မေး - ဟုတ်ကဲ့ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024