ကိုဗစ်-၁၉ ကြောင့် မူဆယ်တွင် ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ယာယီရပ်ဆိုင်း
DVB
·
September 21, 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့မှာ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် မဲဆွယ်စည်းရုံးဟောပြောမှုတွေ ယာယီရပ်ဆိုင်းထားတယ်လို့ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်က ပြောပါတယ်။
မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ မဲဆွယ်စည်းရုံးဟောပြောမှု အစီအစဉ်တွေကို စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ယာယီရပ်ဆိုင်းထားပြီး စက်တင်ဘာ ၂၃နေ့ ပြန်လည်စတင်မယ်လို့လည်း ပြောပါတယ်။
အခုလို ရပ်ဆိုင်းရတာဟာ တရုတ်နိုင်ငံ ရွှေလီမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာနဲ့ ထိတွေ့မိသူတွေရှိနေတာ၊ မူဆယ်မှာ lockdown ချခံရတဲ့ လမ်းတွေနဲ့ အိမ်တွေများနေတာနဲ့ မဲဆွယ်ရာမှာ တခြား လူမျိုးအခြေပြုပါတီတွေနဲ့ ထိပ်တိုက်မတွေ့လိုတာကြောင့်လည်းပါတယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ်မဲဆန္ဒနယ်မှာ ကျားဖြူပါတီ၊ SNLD ပါတီ ၊ အန်အယ်လ်ဒီပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ကချင်အမျိုးသားပါတီနဲ့ တအာင်း(ပလောင်) အမျိုးသားပါတီတို့က ကိုယ်စားလှယ် စုစုပေါင်း ၈ ဦး ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်ကြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းတခုလုံးမှာတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီပေါင်း ၂၂ ပါတီရှိနေပြီး ကျားဖြူပါတီကတော့ တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက် ၁၀၈ ဦး ရှိနေပါတယ်။
သတင်း- နန်းစံပယ်