Home
ဆောင်းပါး
မြန်မာပြည်အနာဂတ်ကို ထုဆစ်ပုံဖော်နေကြသည့် အမျိုးသမီးများ 
DVB
·
July 6, 2025

မြန်မာနိုင်ငံရဲ့ မပြီးဆုံးနိုင်သေးတဲ့ အကျပ်အတည်းတွေကြားမှာ တိုင်းပြည်ရဲ့အနာဂတ်ကို တိတ်တဆိတ် ပြန်လည်ပုံဖော်နေသူတွေကတော့ အမျိုးသမီးတွေပါပဲ။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ အဖွဲ့အစည်း‌တွေ ပြိုလဲကျမှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးတွေနဲ့ တိုင်းပြည်တခုလုံးနပန်းလုံးနေရချိန်မှာ အမျိုးသမီးတွေဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရသူတွေအဖြစ် သာမက ခေါင်းဆောင်တွေအဖြစ်ပါ ရှေ့ထွက် ရပ်တည်လာခဲ့ကြပါတယ်။ သူတို့ရဲ့ သတ္တိတွေဟာ ခုခံတော်လှန်မှုတွေ၊ ဂရုစိုက်မှုတွေနဲ့ လူ့အဖွဲ့အစည်းကို ပြိုကွဲမသွားအောင် ထိန်းသိမ်းပေးနေတဲ့ ရပ်ရွာလူထု တည်ဆောက်ခြင်းတွေထဲအထိ အခိုင်အမာ အမြစ်တွယ်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုဟာ မခိုင်မာသေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဖျက်ဆီးလိုက်တာပါ။ မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံက အရေးပေါ်အခြေအနေဆိုးကြီးထဲကို ကျရောက်သွားခဲ့ပါတယ်။ လူဦးရေ သန်း ၂၀ ကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး၊ လူဦးရေ ၂ သန်းကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပြိုလဲ၊ ပြည်သူ့အခွင့်အရေးတွေ ပျောက်ဆုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေသာ ထွန်းကားနေပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှု လျော့ပါးလာချိန်မှာ ဒီလစ်ဟာနေတဲ့နေရာတွေကို အမျိုးသမီးတွေက ဝင်ရောက်ဖြည့်ဆည်း ပေးခဲ့ကြပါတယ်။ အကူအညီတွေ စုစည်းပေးတာ၊ မြေအောက်စာသင်ကျောင်းတွေ ဖွင့်လှစ်တာ၊ တော်လှန်ရေးကွန်ရက်တွေကို ဦးဆောင်တာတွေကနေတဆင့် ဒီမိုကရေစီသစ်ကို ဖော်ဆောင်ပေးနေကြ ပါတယ်။

သူတို့တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေကို ဦးဆောင်ခဲ့ကြတယ်။ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ခဲ့ကြတယ်။ မြေအောက်ပညာရေးစနစ်ကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းထားခဲ့တယ်။ လူသားချင်းစာနာမှုအကူအညီတွေ ပို့ဆောင်ပေးတယ်ခဲ့တယ်။ တော်လှန်ရေးကွန်ရက်တွေကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါတယ်။ ဒီအခန်းကဏ္ဍတွေဟာ နောက်တန်းက ပံ့ပိုးပေးရတဲ့ အခန်းကဏ္ဍတွေမဟုတ်ပါဘူး။ ဒါတွေဟာ ရှင်သန်ရပ်တည်ရေးအတွက် ကျောရိုး၊ တော်လှန်ရေးအတွက် ဗိသုကာဖြစ်ပြီး အနာဂတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံအုတ်မြစ် တွေပါပဲ။

ဒီအမှန်တရားကို "မြန်မာ့အရေးမှာ အမျိုးသမီးခေါင်းဆောင်မှု အခန်းကဏ္ဍဆိုင်ရာ ဒေသတွင်း ဆွေးနွေးပွဲ"မှာ ပိုပြီး ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဒေသတွင်းက အဓိကသက်ဆိုင်သူတွေ စုဝေးပြီး တော်လှန်မှုနဲ့ အောက်ခြေအုပ်ချုပ်ရေးမှာ အမျိုးသမီးတွေရဲ့ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ကြပါတယ်။

တရားဝင်အာဏာတွေကနေ ဖယ်ရှားခံခဲ့ရပေမဲ့ ရွေးကောက်ခံအမျိုးသမီးခေါင်းဆောင် အများအပြားဟာ ပြည်ပရောက်ဘဝနဲ့ ဆက်လက်စုစည်းလှုပ်ရှားနေကြပြီး အစားထိုး အုပ်ချုပ်ရေးစနစ်တွေ တည်ဆောက်ကာ နိုင်ငံတကာအလယ်မှာ သူတို့ရဲ့ ပြည်သူတွေအတွက် ပြောဆိုတောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းဟာ အံ့မခန်းပါပဲ။ ရပ်ရွာလူထုအတွက် ရန်ပုံငွေထီတွေဖွင့်ပြီး ကိုယ့်နည်းကိုယ့်ဟန် ဖွံ့ဖြိုးရေးဘဏ်ငယ်လေးတွေ တည်ထောင်တဲ့အထိ အမျိုးသမီးတွေဟာ တော်လှန်ရေးကို ရေရှည်ခရီးဆက်နိုင်ဖို့ အားသွန်ခွန်စိုက်လုပ်နေကြတာပါ။ စစ်ကောင်စီ အာဏာ မသက်ရောက်တော့တဲ့ နေရာတွေမှာလည်း ဝန်ဆောင်မှုတွေပေးနိုင်ဖို့ လမ်းကြောင်းတွေ ဖန်တီးခဲ့ကြပါတယ်။

သူတို့တွေဟာ စစ်ရှောင်စခန်းတွေမှာ စာသင်ကျောင်းတွေ ဖွင့်တယ်။ ပဋိပက္ခဇုန်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ ဒေသတွင်း စီးပွားရေးလည်ပတ်နိုင်အောင်လည်း ထိန်းသိမ်းပေးနေကြပါတယ်။ ဒီလို အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ရှိနေပေမယ့် သူတို့ဟာ တရားဝင် နိုင်ငံရေးဖြစ်စဉ်တွေကနေ ဖယ်ကြဉ်ခံထားရဆဲ ဖြစ်ပါတယ်။ သူတို့အတွက်တော့ ပညာရေးဟာ တော်လှန်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုပါပဲ။ တရားဝင်စာသင်ကျောင်းတွေ ဗုံးကြဲတိုက်ခိုက်ခံရတာ၊ စစ်တပ်က တပ်စွဲထားတာတွေကြောင့် အမျိုးသမီးတွေဟာ မြေအောက် စာသင်ခန်းတွေ၊ ရပ်ရွာသင်ကြားရေးစင်တာတွေနဲ့ အိမ်တွင်းသင်ကြားရေးတွေကနေတဆင့် ပညာရေးတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ကရင်ပြည်နယ်က ဆရာမတစ်ဦး ပြောခဲ့သလိုပါပဲ၊ "ကျမတို့ ဓာတုဗေဒကို မသင်ပေးနိုင်ရင်တောင် ကရုဏာတရား၊ သတ္တိရှိမှုနဲ့ ကိုယ်ကျင့်တရားကို သင်ပေးနိုင်ပါတယ်"။ ဒီကြိုးပမ်းမှုတွေဟာ ပညာရေးသက်သက်မဟုတ်ဘဲ လူသားဂုဏ်သိက္ခာ၊ မျှော်လင့်ချက်နဲ့ကြောက်ရွံ့ခြင်းကင်းတဲ့ အနာဂတ်ကို တွေးခေါ်နိုင်စွမ်းတွေ ဆက်လက်ရှင်သန်စေဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေဟာ သူတို့ရဲ့ လုပ်အားတွေ၊ အသိပညာတွေ၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်ရာမှာ သူတို့ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ တောင်းဆိုနေကြပါတယ်။ အမျိုးသမီးတွေ ဦးဆောင်တဲ့နေရာမှာ ပြိုကွဲနေတဲ့ လူ့အဖွဲ့အစည်းတွေ ပြန်လည် အသက်ဝင်စပြုလာကြဝယ်ဆိုဝာာ သက်သေအထောက်အထားတွေအရလည်း ရှင်းလင်းနေပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုဟာ လက်တွေ့အတွေ့အကြုံပေါ်မှာ မဟာဗျူဟာကျကျ အခြေခံထားပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အရှေ့တောင်အာရှတဝန်းကို ကြည့်ရင် ကျား၊ မ တန်းတူညီမျှမှုကို အဖွဲ့အစည်းဆိုင်ရာ မူဝါဒအဖြစ် ဖော်ဆောင်နိုင်တာကို တွေ့ရမှာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ "အမျိုးသမီးများဆိုင်ရာ မဟာပဋိညာဉ်" (Magna Carta of Women) ဟာ ကျား၊ မ ရေးရာကို ထည့်သွင်းစဉ်းစားတဲ့ အုပ်ချုပ်ရေးစနစ်ကို အားဖြည့်ပေးခဲ့သလို၊ အင်ဒိုနီးရှားနိုင်ငံရဲ့ ကျား၊ မ အချိုးကျပါဝင်မှု (quota) နဲ့ ဘတ်ဂျက်ခွဲဝေမှုတွေကလည်း အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

ဒီပုံစံတွေဟာ အပြစ်အနာအဆာ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအရ အားလုံးပါဝင်အောင် လုပ်ဆောင်လို့ရတယ်ဆိုတာကို သက်သေပြနေပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ကျား၊ မ တန်းတူညီမျှမှုဆိုတာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ နောက်ဆက်တွဲအဖြစ် ထားလို့မရပါဘူး။ ကျား၊မ တန်းတူရေးဆိုတာ ဒီမိုကရေစီရဲ့ အဓိကအုတ်မြစ်တခု ဖြစ်ကိုဖြစ်ရပါမယ်။

မြန်မာ့အရေးအပေါ် အာဆီယံရဲ့ တုံ့ပြန်မှုဟာ ကျား၊ မ ရေးရာကို ထည့်သွင်းမစဉ်းစားဘဲ မျက်ကွယ်ပြုထားတာကို ထင်ထင်ရှားရှား တွေ့နေရပါတယ်။ အာဆီယံအဖွဲ့ကြီးဟာ "အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS)" လုပ်ငန်းစဉ်အပေါ် ကတိကဝတ်ပြုထားကြောင်း မကြာခဏ ပြောလေ့ရှိပေမဲ့ အမျိုးသမီးတွေဦးဆောင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုတော့ ဆက်လက် ဖယ်ကျဉ်ထားဆဲပါပဲ။ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း စစ်တပ်နဲ့ဆက်စပ်နေတဲ့ လမ်းကြောင်းတွေကနေတဆင့် ပေးပို့နေပါတယ်။ မြေပြင်မှာ ရှိပြီး အကူအညီတွေကို ထိထိရောက်ရောက် ပေးပို့နိုင်စွမ်းရှိတဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေကိုတော့ ချန်လှပ်ထား ပါတယ်။

ဒီချဉ်းကပ်ပုံကို အခြေခံကျကျ ပြန်လည်စဉ်းစားရပါမယ်။ ယုံကြည်ရတဲ့ ဒေသတွင်း အဖွဲ့တခုဖြစ်ဖို့ဆိုရင် ဟန်ပြသက်သက်မဟုတ်ဘဲ ဖွဲ့စည်းပုံအရကို အမျိုးသမီးတွေပါဝင်နိုင်တဲ့ "အားလုံးပါဝင်မှု"ကို အာမခံရပါမယ်။ ဆိုလိုတာကတော့ အမျိုးသမီးတွေဦးဆောင်တဲ့ အစီအစဉ်တွေကို တိုက်ရိုက်ရန်ပုံငွေထောက်ပံ့တာ၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သူတို့ရဲ့ ကိုယ်စားပြုမှုကို အာမခံတာ၊ အမျိုးသမီးအခွင့်အရေး ကာကွယ်သူတွေကို ခြိမ်းခြောက်၊ အကြမ်းဖက်၊ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေကနေ ကာကွယ်ပေးတာတွေ လုပ်ဆောင်ရပါမယ်။

အဲ့ဒီဆွေးနွေးပွဲအတွင်းမှာ အဆိုပြုချက်တခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံကနေစပြီး အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အထူးလုပ်ငန်းအဖွဲ့တရပ် ဖွဲ့စည်းဖို့ပါပဲ။ ဒီလိုယန္တရားတခုဟာ အမျိုးသမီးခေါင်းဆောင်တွေအပေါ် ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်တာ၊ သူတို့တွေပါဝင်လာဖို့ တိုက်တွန်းပြောဆိုတာ၊ အာဆီယံအစိုးရတွေကို WPS ကတိကဝတ်တွေ လိုက်နာဖို့ ဖိအားပေးတာ စတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒေသတွင်းတုံ့ဆိုင်းနေမှုတွေကြားက ဒီလုပ်ငန်းအဖွဲ့ဟာ မှန်ကန်တဲ့ရပ်တည်ချက်၊ စည်းလုံးညီညွတ်မှုနဲ့ မဟာဗျူဟာကျတဲ့ လမ်းညွှန်မှုတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဒီလို ကြံ့ခိုင်တဲ့လုပ်ရပ်တွေ အားကောင်းလာနေပေမဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေကတော့ လျော့နည်းလာနေပါတယ်။ အမျိုးသမီးတွေဦးဆောင်တဲ့ အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေတွေကလည်း ကျဆင်းလာပါတယ်။ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုတွေကလည်း အားနည်းလာပါတယ်။ အဆိုးဆုံးကတော့ စစ်အာဏာသိမ်းအဖွဲ့က "တည်ငြိမ်ရေး" ခေါင်းစဉ်တပ်ပြီး ကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲတွေကို တရားဝင်အဖြစ် အသိအမှတ်ပြုခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထိခိုက်စေရုံသာမက၊ ဒီလှုပ်ရှားမှုအတွက် အရာရာစွန့်လွှတ်ထားတဲ့ အမျိုးသမီးတွေကို သစ္စာဖောက်ရာလည်း ရောက်ပါလိမ့်မယ်။

သူတို့ ရုန်းကန်ကြိုးပမ်းမှုရဲ့ အနှစ်သာရကတော့ အမျိုးသမီးဝါဒရှုထောင့်ကနေ မြင်တဲ့ ငြိမ်းချမ်းရေး မျှော်ရည်ချက်တခုပါပဲ။ ဒါဟာ ဆောင်ပုဒ်သက်သက်မဟုတ်ဘဲ တရားမျှတမှု၊ ဂရုစိုက်မှုနဲ့ တာဝန်ခံမှုအပေါ် အခြေခံထားတဲ့ မူဘောင်တခု ဖြစ်ပါတယ်။ အဲ့ဒီငြိမ်းချမ်းရေးဟာ အထက်တန်းလွှာတွေကြားက နိုင်ငံရေးအပေးအယူတွေကနေ ရလာတာမျိုးမဟုတ်ဘဲ၊ ဒုက္ခတွေကို ခံစားခဲ့ရပေမဲ့ အဲ့ဒီဒုက္ခတွေက သူတို့ကို အနိုင်ယူပုံဖော်တာကို လက်မခံသူတွေရဲ့ ခေါင်းဆောင်မှုကနေ ပေါက်ဖွားလာတာမျိုး ဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စများ ခန့်ခွဲရေးရေးနဲ့ တိုင်းပြည်ပြန်လည်ထူ ထောင်ရေးတို့ရဲ့ အသည်းနှလုံးမှာ အမျိုးသမီးတွေကို ထားရှိတဲ့ ငြိမ်းချမ်းရေးမျိုးပါပဲ။

မြန်မာအမျိုးသမီးတွေဟာ သတ္တိရှိမှု၊ ယုံကြည်ချက်ခိုင်မာမှုနဲ့ ရပ်ရွာလူထုအပေါ် ကတိကဝတ်ပြုမှုတွေနဲ့ အနာဂတ်ကို ပုံဖော်နေကြပါတယ်။ သူတို့ဟာ လုံခြုံရေးအကာအကွယ်မရှိ၊ တည်ငြိမ်တဲ့ ရန်ပုံငွေမရှိ၊ သူတို့ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုမှုကို မရဘဲနဲ့ ဒီအလုပ်တွေကို လုပ်ဆောင်နေကြတာပါ။ ဒါကြောင့် တကယ့်မေးခွန်းအစစ်ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ သူတို့နဲ့အတူတကွ ရပ်တည်ပေးဖို့ နိုင်ငံရေးအရ ဆန္ဒရှိရဲ့လား၊ မှန်ကန်တဲ့ရပ်တည်ချက်ကိုရော ရှာတွေ့နိုင်ပါ့မလား ဆိုတာပဲဖြစ်ပါတယ်။

ယုယွန် ဝါယုနင်ဂရမ်

Ref: Bangkokpost 

( ထိုင်းနိုင်ငံအခြေစိုက်  Bangkok Post သတင်းစာ ဝက်ဆိုက်တွင် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (APHR) ၏ အမှုဆောင်ဒါရိုက်တာ Yuyun Wahyuningrum  ရေးသားထားသည့် “Women build Myanmar's future “ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024