Home
ဆောင်းပါး
တော်လှန်ရေးကို အမှန်အတိုင်းရှုမြင် စိတ်ကူးမယဉ်မိစေနဲ့
DVB
·
July 10, 2025

အာဏာသိမ်းတယ်ဆိုတာ ငှက်ပျောသီးအခွံနွှာစားတာထက် နည်းနည်းပဲ ပိုခက်လိမ့်မယ်လို့ ဉာဏ်ရည်ဉာဏ်သွေးလည်း ပေမမီထောက်မမီတဲ့ မင်းအောင်လှိုင် တွေးခဲ့မိမှာ သေချာတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို အာဏာသိမ်းပွဲနဲ့ ထိုးခွဲခဲ့စဉ်က တလလောက် ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်ပြလိုက်ပြီးနောက် ဟုန်းဟုန်းတောက်နေတဲ့မီး ငြိမ်းသွားတာပဲ ဆိုတဲ့ အားတက်ဖွယ်ရာ အဖြစ်မှန်ကလည်း ရှိနေပြန်တော့ အသက် ၁၉ နှစ်အရွယ် မြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းထဲ ကျည်တတောင့်ပစ်သွင်းခြင်းနဲ့ စတင်ကွင်းဖွင့်ခဲ့တယ်။

စိတ်မြန်လက်မြန်ရှိလှတဲ့ ဂျန်နရေးရှင်းဇက်တွေရဲ့ ဆုံးဖြတ်ချက်ကို ကောက်ရိုးမီးတွေပါလို့လည်း မင်းအောင်လှိုင် လျှော့တွက်ခဲ့တယ်။ ဂျန်နရေးရှင်းဇက်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပြီး အမြန်တိုက်ခိုက်နည်း သင်တန်းတက်ကြ။ အွန်လိုင်းပေါ်ကနေ ဖောက်ခွဲနည်းယူ။ လုပ်သေနတ်တွေ တူမီးတွေနဲ့ စတင်။ တူမီးနဲ့ ချွန်မြခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၂၀၂၃ ခုနှစ် ရောက်တဲ့အချိန်မှာ မင်းအောင်လှိုင်ကို စတင်မျက်ဖြူဆိုက်စေခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက နွေဦးတော်လှန်ရေးကို ဂငယ်ကွေ့ ချိုးချခဲ့ပြီး စစ်ကောင်စီကို အရေးပေါ်ခန်းထဲထိ ပို့လိုက်နိုင်တာလည်း အားလုံးမျက်မြင်ပါပဲ။

စစ်ကောင်စီဟာ တရုတ်ရဲ့ ထောက်ခံကူပံ့မှုသာ မရခဲ့ရင် အခုအချိန်လောက်မှာ ဆီးရီးယားသမ္မတဟောင်း အာဆတ်နဲ့ မင်းအောင်လှိုင် မော်စကိုမှာ မျက်ရည်ချင်း ခွက်တိုက်နေလောက်ပြီလို့တောင် မှန်းဆနိုင်မှာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးကို သူတို့လိုသလို ပုံဖော်ချင်တဲ့ တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားအောက်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်များစွာ ရင်းပြီးမှ ရခဲ့တဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ခဲ့ရတဲ့အပြင် ကိုးကန့်တပ် MNDAA  တော်လှန်ရေးရင်ပြင်ကနေ နောက်တလှမ်းဆုတ်။ အဲဒီနောက်မှာတော့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဟာ ယိုင်လာတာတွေ့ရတယ်။

၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်ဟာ နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး နောက်တဆင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာအခြေစိုက် စစ်တပ်တွေကို သိမ်းပိုက်ဖို့ တိုက်ခဲ့ကြတယ်။ တောင်ခမ်းတိုက်ပွဲရဲ့ ပထမပိုင်းကာလတွေမှာ စစ်ကောင်စီ အထိနာခဲ့တာကြောင့် ၁၀၂၇ စစ်ဆင်ရေးဟာ တောင်ခမ်းကို သိမ်းပြီးနောက် ပြင်ဦးလွင်ကို ထိုးစစ်ဆင်မယ်အထိ မျှော်လင့်ချက်ကြီးခဲ့ကြပါတယ်။ လတ်တလော မျက်မြင်မှာတော့ စစ်တပ်ရဲ့ နောင်ချိုတန်ပြန်ထိုးစစ်ဟာ နောင်ချိုမြို့နားအထိ ရောက်လာတာ တွေ့လာရတယ်။

နောက်တချက်၊ တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားက ရှမ်းမြောက်မှာ နင်လားငါလားတိုက်နေတဲ့ TNLA အပေါ် ဆက်လက်သက်ရောက်လာနိုင်သလို တရုတ်ဖိအားကြောင့် ဖြစ်ပေါ်လာတဲ့ MNDAA နဲ့ စစ်တပ်ကြား သဘောတူညီချက်တွေကလည်း အချိန်မရွေး ပျက်ပြယ်သွားနိုင်တာကြောင့် ရှမ်းမြောက်အခြေအနေဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ ကိန်းရှင်အဖြစ် ရှိနေဆဲလို့ ဆိုရပါမယ်။

TNLA နဲ့ PDF ပူးပေါင်းတပ်တွေ အားစိုက်နေတဲ့ ရှမ်းမန်းစစ်ဆင်ရေးကလည်း မန္တလေးတိုင်းထဲမှာ ရှေ့ဆက်မတိုးနိုင်သလို သပိတ်ကျင်းမြို့နယ်ထဲမှာ သိမ်းထားတဲ့စခန်းတချို့ကို ပြန်ပေးလိုက်ရတယ်လို့ ကြားလာရတယ်။ လတ်တလော ကရင်နီဒေသကိုကြည့်ရင် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားတဲ့ ကရင်နီပြည်နယ်သို့ဝင်ပေါက် မိုးဗြဲမြို့တွင်းကို ဇူလိုင် ၂ ရက်မှာ စစ်တပ်က ပြန်လည်ဝင်ရောက်လာနိုင်တာ တွေ့ရတယ်။

ကချင်ဒေသမှာဆိုရင်လည်း ၂၀၁၄ ခုနှစ်အတွင်း တမြို့ပြီးတမြို့ မြန်မြန်ဆန်ဆန် သိမ်းခဲ့တဲ့ KIA ဟာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို အခု ၇ လကျော်အချိန်ထိ လက်စမသတ်နိုင်သေးသလို သတင်းတွေအရ အပြီးသတ်နိုင်ဖို့ အချိန်တခုယူရဦးမယ်လို့ ထင်ရတယ်။

ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းထဲသို့ အားထည့်ဆင်းလာတဲ့ AA ပူးပေါင်းတပ်ဟာ စစ်တပ်ရဲ့ အပြင်းအထန် ခုခံမှုတွေကို မြန်မြန်ဆန်ဆန် မထိုးဖောက်နိုင်သေးတာ တွေ့ရတယ်။

အချိန်ယူရုန်းထလာတဲ့ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးဟာ အရှိန်တခုရလာပြီဖြစ်ပေမဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတွေ လှမ်းနိုင်ဖို့ကတော့ တိုက်ပွဲပုံစံတွေ ထပ်ဖော်ရင်းနဲ့ အချိန်တခု ထပ်ယူရဦးမယ်လို့ ထင်တယ်။

လတ်တလော ကရင်စစ်မျက်နှာက ထိုင်း-မြန်မာနယ်စပ် စစ်တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်က ဆက်တိုက် သိမ်းပိုက်နေတာ တွေ့နေရပေမဲ့ အရေးပါတဲ့ မြို့တွေနားကိုတော့ မကပ်နိုင်သေးပါဘူး။

အဆိုးရွားဆုံးပြဿနာတရပ်ကတော့ ဇူလိုင်ပထမပတ်အတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) ဟွာလ်ငိုးရမ်းတို့ကြား တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့ ဒီသန္ဓေဆိုးကို အခုကတည်းက မဖျက်ချနိုင်ရင် ရေရှည်မှာ အန္တရာယ်ကြီးလာမှာ သေချာတယ်။

လတ်တလော စစ်ရေးအခြေအနေကို အကြမ်းဖျင်းခြုံလိုက်ရင် စစ်တပ်ဟာ တန်ပြန်ထိုးစစ်တွေနဲ့ အားယူထလာတာ တွေ့ရပေမဲ့ ၇ လကြာ ထိုးစစ်ဆင်ပြီးမှ မိုးဗြဲမြို့ထဲ ပြန်ဝင်နိုင်တာကြောင့် တော်လှန်ရေးအင်အားစု သိမ်းထားတဲ့ မြို့ပေါင်း ၉၀ ကျော်ကို ပြန်သိမ်းနိုင်ဖို့ဆိုတာ စိတ်ကူးယဉ်လို့ကောင်းရုံသာ ရှိပါမယ်။ တော်လှန်ရေးအင်အားစု အနေနဲ့လည်း ရှေ့တလှမ်းဆက် မတိုးနိုင်ရုံတင်မက နောက်တလှမ်းပြန်မဆုတ်ဖို့တောင် အားထည့်တင်းခံနေရတာကြောင့် မြို့သိမ်းတိုက်ပွဲတွေ စိပ်ခဲ့တဲ့ အရင် ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကို ပြန်ရဖို့ တော်တော်ရုန်းထရဦးမယ်လို့ ထင်ပါတယ်။

စစ်ရေးအရ အဲဒီလို တန့်နေတဲ့အခြေအနေမှာ နိုင်ငံရေးဘက်ကိုကြည့်ရင် စစ်ကောင်စီဟာ တရုတ်ရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ စစ်ကောင်စီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ပျက်အောင်မဖျက်နိုင်ပေမဲ့ ရွေးကောက်ပွဲက တော်လှန်ရေးအင်အားစုကြား နိုင်ငံရေးသဘောထား ကွဲပြားအောင် ထိုးခွဲနိုင်စွမ်းလည်း မရှိပါဘူး။

ရွေးကောက်ပွဲကနေတဆင့် အာဏာသိမ်းစစ်ကောင်စီ မဟုတ်တော့ကြောင်း ခေါင်းပေါင်းစ ထောင်ပြကြမှာ သေချာပေမဲ့ အာဆီယံရဲ့ လက်ရှိရပ်တည်ချက်ကိုတောင် အလွယ်တကူ ချိန်းပစ်ဖို့ မလွယ်သလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ကန့်ကွက်အဖက်မလုပ်ခြင်းကိုလည်း ဆက်လက်ရင်ဆိုင်ရဖို့ ရှိပါတယ်။

မင်းအောင်လှိုင်အတွက်တော့ ဘယ်ကမ္ဘာရဲ့ ကန့်ကွက်မှုတွေကိုမှ အရေးလုပ်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ စစ်အုပ်စု ရာသက်ပန် အာဏာရရှိရေးဆိုတဲ့ သန်းရွှေရဲ့ အဂ္ဂမဟာစီမံကိန်းကြီးကို ၅ နှစ်နဲ့အပြတ် ဖယ်ရှားခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနဲ့ ပြည်သူတွေကိုလည်း သွေးရိုးသားရိုးနဲ့ နောက်တကြိမ် အခွင့်အရေးပေးဖို့ ဖိတ်ခေါ်နေတော့မှာ မဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ တခွန်းတည်းသောစကားက စစ်အုပ်စု အာဏာယန္တရားကို ကျိုးနွံစွာ ထမ်းပိုးနိုင်ရင် နိုင်ငံရေးလာလုပ်ဆိုတာပါပဲ။

လက်ရှိ တော်လှန်ရေးရေခံမြေခံကလည်း အခိုင်အမာ ခြေကုပ်ရထားပြီးပြီမို့ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမျိုးစုံကို လျှော်ပေးကာ စစ်တပ်အာဏာသိမ်းမှုကို အာဏာထိန်းတာပါလို့ နောက်တမျိုး ပြောင်းခေါ်တာမျိုး တော်လှန်ရေးအင်အားစုတွေဘက်က မလုပ်။ ဒီပွဲမှာ ကြားအဖြေတခုမရှိဘူးလို့ ယုံကြည်မှု ပြင်းပြင်းထန်ထန်။

အဲဒီပြင်းထန်တဲ့ ယုံကြည်မှုဟာ လမ်းခုလတ်မှာ ထက်ပိုင်းကျိုးမကျစေဖို့နဲ့ ပိုမိုခိုင်မာကျစ်လျစ်စေဖို့ ဆိုရင်တော့ ရေရှည်အမြင်မွေးနိုင်ဖို့ လိုပါမယ်။ ဘာလို့ဆိုတော့ အထက်မှာပြောခဲ့တဲ့ လတ်တလော မျက်မြင်တွေအရ နွေဦးတော်လှန်ရေးဟာ နောက် ၁ နှစ်၊ ၂ နှစ်လောက်နဲ့ မြန်မြန်ဆန်ဆန်ပွဲသိမ်းဖို့ မလွယ်လို့ပါပဲ။ တော်လှန်ရေး ကြာလာတာနဲ့အမျှ တော်လှန်ရေးအပေါ် စိတ်ပျက်ညည်းညူတာနဲ့ တော်လှန်ရေးကို သွေဖည်တဲ့ ပရမ်းပတာဖြစ်ရပ်တွေ မဖြစ်ဖို့ဆိုရင် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ရေရှည်အမြင်မွေးပြီး ရေရှည်အတွက် တည်ဆောက်ကြဖို့ လိုပါမယ်။ ဒါ့အပြင် ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ မပေးမိဖို့လည်း သိပ်အရေးကြီးပါတယ်။

ကြံ့ခိုင်မှုရှိခြင်းနဲ့သာ အောင်မြေဆီသို့ ဆက်လက်ရွက်လွှင့်ကြရပါမယ်။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024