
စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင်တို့ကို စစ်ကောင်စီက ထောင်အနှစ် ၂၀ စီချမှတ်လိုက်တယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
သူတို့ ၂ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ နေအိမ်တအိမ်မှာ ဧည့်စာရင်းအကြောင်း ဝင်ရောက်ရှာဖွေစစ်ဆေးရင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလထဲမှာတော့ သူတို့ ၂ ယောက်ကို အင်းစိန်ထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပြီး အခုနောက်ထပ် ပုဒ်မ ၅၂ (က)၊ပုဒ်မ ၅၀(ည) အမှုတွေနဲ့ ထောင်ဒဏ်တွေ ထပ်တိုးချမှတ်ခဲ့တာကြောင့် ထောင် အနှစ် ၂၀ စီချမှတ်ခံထားရတာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သမဂ္ဂကျောင်းသား အယောက် ၆၀ ကျော်လောက်ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာတော့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ သမဂ္ဂကျောင်းသား ၂၀ ကျော်လောက်ကျန်ရှိနေပါတယ်။
အဲဒီထဲမှာ ဗကသများအဖွဲ့ချုပ်က ကျောင်းသား ၃ ယောက်ကတော့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ကျောင်းသားအဖွဲ့တွေဆီကသိရပါတယ်။