
ကရင်နီပြည်နယ်က နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ၆ လကျော်အတွင်း ပြည်သူ ၆၂ ယောက် သေဆုံးပြီး ၂၀၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ နှစ်အစကနေ ဇူလိုင် ၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူ ၃၃ ယောက် သေဆုံးခဲ့ရပြီး လက်နက်ကြီး၊ ဒရုန်းဗုံးကြဲတာ၊ သတ်ဖြတ်ခံရတာ၊ မိုင်းနင်းမိတာတွေကြောင့် ပြည်သူ ၂၉ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “စစ်ကောင်စီက ပြည်သူလူထုကိုလည်း ရန်သူသဖွယ်သတ်မှတ်ပြီးမှ တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ဖျက်ဆီးတာတွေ လုပ်နေတာက ခုနောက်ပိုင်း ပိုသိသာထင်ရှားလာတာပေါ့နော်။ စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာ၊ သူတို့ရဲ့ လက်အောက်မှာမရှိတဲ့ သူတွေကို တော်လှန်ရေးသမားလို့ပဲ သတ်မှတ်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ အခုနောက်ပိုင်း ပိုလုပ်တာပေါ့နော်” လို့ ပြောပါတယ်။
သေဆုံးရသူတွေထဲမှာ ကလေး ၈ ယောက်၊ အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်နဲ့ အချက်အလက်အတိအကျ မသိရသူ ၉ ယောက်ပါဝင်ကာ စုစုပေါင်း ၆၂ ယောက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူက ၂၀၈ ယောက်ရှိတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်ရဲ့ မော်ချီး၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့မှာ ထိခိုက်သေဆုံးရသူတွေ များပြားတယ်လို့ ဦးဗညားက ပြောပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်တွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်စည်စီးဆင်းရေး လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ကာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာလို့ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ လေယာဥ်ဆီရရှိမှုကို ဖြတ်တောက်ပြီး အရပ်သားပြည်သူတွေအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးဖို့နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။