Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မည့် ပါတီများ လူထုထောက်ခံမှုမရှိဟု ဦးနေဘုန်းလတ်ပြော
DVB
·
July 1, 2025

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတဲ့ ပါတီတွေအားလုံးပေါင်းရင်တောင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရခဲ့ကြတဲ့ လူထုမထောက်ခံတဲ့ ပါတီတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဇူလိုင် ၁ ရက် ဒီနေ့လုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ်မှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး အဲဒီရွေးကောက်ပွဲဟာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ဘူးလို့  ပြောပါတယ်။

“အချက်အလက်တွေအရ အကြမ်းဖက်စစ်အုပ်စုပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုလွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းပြည့်အောင် အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။”

လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ထားပြီး လူထုထောက်ခံမှုမရှိတဲ့ ပါတီတွေနဲ့ ဟန်ပြပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

‌“ရွေးကောက်ပွဲအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိပါ။ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာ ဖြစ်ပါမယ်။ ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ပါ”

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရတရားဝင်နေဆဲဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ  အခိုင်အမာ တည်ရှိနေသလို ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ဆန့်ကျင်ပြီး အတုအယောင်ရွေးကောက်ပွဲ ဖန်တီးတာဟာ ဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်တာအပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်နဲ့  နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း စစ်ကောင်စီကလုပ်ဖို့ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေကို ပြည်တွင်းက ပြည်သူတွေနဲ့ နိုင်ငံတကာသိစေဖို့အတွက် သတင်းစကားပြောကြားတဲ့ အစီအစဉ်ကို ပြုလုပ်နေတာဖြစ်ပြီး ပြောဆိုထုတ်လွှင့်နေတုန်းမှာ အင်္ဂလိပ်ဘာသာစကားနဲ့ စာတန်းထိုးထုတ်လွှင့်သလို တရုတ်၊ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ ဟင်ဒီ ဘာသာစကားတို့နဲ့လည်း နောက်ခံပြောဆို တင်ဆက်ပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024