DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ဆန် မဝယ်ပါက အခွန်ထပ်တိုးမည်ဟု ဂျပန်ကို ထရမ့်ပ် ခြိမ်းခြောက်
DVB
·
July 1, 2025
အမေရိကန်ဆန် မဝယ်ပါက အခွန်ထပ်တိုးမည်ဟု ဂျပန်ကို ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

အမေရိကန်ထုတ် ဆန်ပို့ကုန်ကို ဝယ်ယူဖို့ မလိုလားတဲ့အတွက် ဂျပန်နိုင်ငံအပေါ် အခွန်တိုးကောက်မယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်လိုက်ပါတယ်။

“ဂျပန်မှာ အကြီးအကျယ် ဆန်မလုံလောက်မှု ဖြစ်နေပေမဲ့လည်း ကျနော်တို့ဆန်ကို သူတို့ မယူပါဘူး။ တနည်းပြောရရင် သူတို့ဆီ စာတစောင်ပို့ဖို့ ရှိပါတယ်။ နောင်လာမယ့် နှစ်တွေမှာလည်း ကုန်သွယ်ဖက်အဖြစ် ဆက်ရှိစေချင်ပါသေးတယ်” ဆိုပြီး ထရမ့်ပ်က သူပိုင်တဲ့ Truth Social ပေါ်မှာ ပို့စ်တင်ခဲ့တာပါ။

ဒါပေမဲ့လည်း ထရမ့်ပ်ရဲ့ ပြောဆိုချက်ဟာ မှန်ကန်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်ရဲ့ ဒေါ်လာ ၂၉၈ သန်းဖိုး ဆန်တွေကို ဂျပန်အနေနဲ့ ဝယ်ယူခဲ့ပါတယ်။

အခုနှစ်ထဲမှာလည်း ဇန်နဝါရီလကနေ ဧပြီလအထိ ဒေါ်လာ ၁၁၄ သန်းဖိုး တန်ကြေးရှိတဲ့ ဆန်တွေကို ဝယ်ယူခဲ့ပါသေးတယ်။

ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ ကျော်လွန်ပြီးရင် တခြားကုန်သွယ်ဖက်နိုင်ငံတွေနဲ့ သဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ အိမ်ဖြူတော်ရဲ့ အမျိုးသားစီးပွားရေးကောင်စီ ဒါရိုက်တာ ကဲဗင် ဟက်ဆတ်က အတည်ပြုပါတယ်။

အခုလိုမျိုး ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုအသစ် ရှိလာပေမဲ့လည်း အမေရိကန်နဲ့ ဂျပန်ကြားမှာ ကုန်သွယ်ရေးအရ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ရာသီဥတု ဆိုးရွားမှုကြောင့် ဆန်အရည်အသွေးနဲ့ အထွက်နှုန်း ကျဆင်းခဲ့တဲ့အလျောက်​ ပြီးခဲ့တဲ့နှစ်က ဆန်ရှားပါးမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဈေးနှစ်ဆနီးပါး တက်လာခဲ့ပါတယ်။

ဒါကြောင့် မတ်လကစပြီး စျေးပြန်ကျဖို့အတွက် အရေးပေါ် သိုလှောင်ထားတဲ့ ဆန်အားလုံးနီးပါးကို အစိုးရအနေနဲ့ ထုတ်ရောင်းခဲ့ရပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ဖို့အတွက် ကနေဒါဘက်က နည်းပညာကုမ္ပဏီကြီးတွေအပေါ် အခွန်ကောက်ခံမှုကို ဖျက်သိမ်းပေးခဲ့ရပါတယ်။

Meta၊ Google၊ Apple နဲ့ Amazon လိုမျိုး အမေရိကန်ကုမ္ပဏီကြီးတွေဟာ ကနေဒါပြည်တွင်းမှာ ဝင်ငွေ ဒေါ်လာ သန်း ၂၀ ကျော်ရင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် DST အရ ၃ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပထမဆုံး အခွန်ဆောင်ရမယ့် အချိန်မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ပြန်ပယ်ဖျက်ပေးမယ်ဆိုပြီး ကြေညာခဲ့တာပါ။

အဲဒီနောက် ဒေသတွင်းနိုင်ငံတခုဖြစ်တဲ့ ထိုင်းနဲ့ အမေရိကန်ရဲ့ တာဝန်ရှိသူတွေဟာ ကုန်သွယ်ရေးကိစ္စအတွက် ကြာသပတေးနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ရှိနေပါတယ်။

ဇူလိုင် ၉ ရက် အရောက်မှာတော့ သက်ဆိုင်ရာနိုင်ငံအလိုက် အမေရိကန်ရဲ့ သွင်းကုန်ခွန် စည်းကြပ်မှု စတင်ဖို့ရှိတာကြောင့် အခုလိုမျိုး သဘောတူညီချက် ရဖို့အတွက် အလျင်အမြန် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013