
ဂျပန်နိုင်ငံမှာ လူမှုကွန်ရက်မီဒီယာကနေ ဆက်သွယ်ပြီး လူ ၉ ယောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တွစ်တာလူသတ်သမားလို့ ခေါ်တဲ့ အမျိုးသားတယောက်ကို ဇွန် ၂၇ ရက်က ကွပ်မျက်လိုက်ပြီး ဒါဟာ ဂျပန်နိုင်ငံမှာ ၃ နှစ် နီးပါး အတွင်း ပထမဆုံးသော သေဒဏ်စီရင်မှုဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က တာကာဟီရိုရှီရအိရှိ အမည်ရှိ အမျိုးသားဟာ တိုကျိုရဲ့ အနောက်တောင်ဘက် ကာနဂါဝါစီရင်စုရှိ ဇာမာမြို့က သူ့တိုက်ခန်းမှာ အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား တယောက်တို့ကို လည်ပင်းညှစ်သတ်ပြီး ခန္ဓာကိုယ်တွေကို အပိုင်းပိုင်းဖြတ်ခဲ့တာကြောင့် သေဒဏ် စီရင်ခံရတာပါ။
သူဟာ သားကောင်တွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ တဆင့် ဆက်သွယ်ခဲ့တာကြောင့် သူ့ကို တွစ်တာလူသတ်သမားလို့ အမည်ပေးထားတာဖြစ်ပါတယ်။
ရှီရအိရှိကို ကြိုးမိန့်ပေး သေဒဏ်စီရင်မှုကို တရားရေးဝန်ကြီး ကဲဆုကဲဆူဇူကီးက တရားဝင် ခွင့်ပြုခဲ့တာပါ။
တရားရေးဝန်ကြီး ကဲဆုကဲဆူဇူကီးက “ရှီရအိရှိဟာ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆန္ဒတွေကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းဖို့အတွက် ၂ လတာ ကာလ အတွင်းမှာ သားကောင် ၉ ယောက် သေဆုံးခဲ့ရပြီး အဖိုးတန် လူ့အသက်တွေကို ဆုံးရှုံးစေခဲ့တာကြောင့် ဒီအမှုဟာ လူအများကို တုန်လှုပ် ခြောက်ခြားစေပြီး မသက်မသာဖြစ်စေခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒီရာဇ၀တ်မှုတွေကို ပြစ်မှုကျူးလွန်သူရဲ့ “အလွန်အမင်း အတ္တကြီးမား တကိုယ်ကောင်းဆန်တဲ့” ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားပြီး အမှုတွေကို သေသေချာချာ စစ်ဆေးပြီးမှ သေဒဏ်ချဖို့ အမိန့်ပေးခဲ့တာလို့ ပြောပါတယ်။
သောကြာနေ့က ကွပ်မျက်မှုဟာ ၂၀၀၈ ခုနှစ်က တိုကျိုမြို့ အာကီဟဘာရ စျေးဝယ်ခရိုင်မှာ ဓားနဲ့ ရမ်းကားမှုကြောင့် လူ ၇ ယောက်ကို သေဆုံးစေခဲ့တဲ့ အမျိုးသားကို ကြိုးမိန့်ချခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ် သေဒဏ်စီရင်မှု ဖြစ်ပါတယ်။
Source: Reuters