
ဂျပန်နိုင်ငံ၊ ချီဘားခရိုင်၊ ဖူနာဘာရှိမြို့မှာရှိတဲ့ LaLa arena TOKYO-BAY မှာ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ RIZIN.55 MMA ပြိုင်ပွဲမှာ ကရင်တိုင်းရင်းသားဖိုက်တာ Mighty Saw က ဂျပန်ဖိုက်တာ အိနိုအုအဲ ရွှန်းယကို ဒိုင်တွေရဲ့ အဆုံးအဖြတ် ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံသား ပရော်ဖက်ရှင်နယ် MMA ဖိုက်တာတယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အသက် ၂၇ နှစ်အရွယ်၊ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်က ဖိုက်တာ Mighty Saw ဟာ T・GRIP TOKYO လက်ဝှေ့ကလပ်က ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် MMA လောကထဲ စတင် ဝင်ရောက်ခဲ့ကာ အခု သူ့ရဲ့ ပထမဆုံး RIZIN ပွဲကို အောင်ပွဲနဲ့ စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဖိုက်တာ Mighty Saw က “ဂျပန်မှာ RIZIN က အမြင့်ဆုံး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အခုပွဲအတွက် လေ့ကျင့်ရင်း ပွဲမတိုင်ခင် တပတ်အလိုမှာ ကျနော် လေ့ကျင့်ရင်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ဒဏ်ရာမရရင် ကျနော် အခုပြိုင်ပွဲမှာ ပိုပြီး Performance လုပ်ပြနိုင်မှာပါ” လို့ DVB ကို ပြောပါတယ်။
အဆိုပါပွဲဟာ ၆၆ ကီလိုတန်း၊ တချီ ၅ မိနစ်နဲ့ ၂ ချီ ယှဉ်ပြိုင်ရတဲ့ MMA အထူးစည်းမျဉ်းပွဲ ဖြစ်ပြီး၊ ပွဲအတွင်း ဂျပန်ဖိုက်တာရဲ့ ထိုးချက်၊ ကန်ချက်တွေကို ရင်ဆိုင်ခဲ့ရပေမဲ့ Mighty Saw က ပြိုင်ဘက်ကို မြေပြင်ပေါ်လှဲပြီး နောက်ကျောဘက်ကနေ ချုပ်ကိုင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
နှစ်ချီစလုံးမှာ ကြမ်းပြင် ချုပ်ကွက်တွေ အသုံးချပြီး ပွဲပြီးတဲ့အထိ ယှဉ်ပြိုင်ခဲ့တာကြောင့် ဒိုင် ၃ ယောက်စလုံးက သူ့ကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖိုက်တာ Mighty Saw က “ကျနော် ၅ နှစ်သားတည်းက လက်ဝှေ့ ထိုးလာခဲ့တာပါ။ အခုလို ဂျပန်မှာ MMA ကစားဖြစ်တာက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းရဲ့ ပွဲတွေကို ကြည့်ခဲ့ရာက စခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အားကျပြီး ဂျပန်နိုင်ငံရဲ့ RIZIN ပွဲတွေမှာ ခါးပတ်ရခဲ့သလိုပဲ မြန်မာနိုင်ငံအကြောင်းကို ဂျပန်ကနေ ကမ္ဘာဆီ၊ နိုင်ငံတကာဆီ ပိုပြီး သိလာကြအောင်၊ နောက်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်သူ ဖြစ်လာအောင်ဆိုပြီး အခုလို အလုပ်တဖက်နဲ့ MMA ကို လေ့လာသင်ယူပြီး ပြိုင်ပွဲတွေ ဝင်ခဲ့တာပါ" လို့ DVB ကို ပြောပါတယ်။
ဂျပန် RIZIN ကနေ အမေရိကန် UFC ပွဲကို ဝင်ရောက် ကစားကြသူ များပြားပြီး၊ သူ့အနေနဲ့ RIZIN မှာ အနိုင်ရလိုက်တာဟာ UFC ပွဲဆီ လှမ်းနိုင်ဖို့ အခွင့်အရေးတခု ဖြစ်လာတယ်လို့ Mighty Saw ကို အဓိက စပွန်ဆာပေးသူသူ မြန်မာလုပ်ငန်းရှင် ကိုဂျက်က DVB ကိုပြောပါတယ်။
ကိုဂျက်က “သူက ခန္ဓာကိုယ် ကြံ့ခိုင်တယ်။ ဝါသနာကြီးပြီး ကြိုးစားတယ်၊ ဇွဲရှိတယ် ဆိုပေမဲ့ ဂျပန်မှာ မိဘကို ထောက်ပံ့ဖို့ အလုပ်တဖက်နဲ့ သူဝါသနာပါတဲ့ MMA ကို လေ့ကျင့် ကစားနေရတာ မလွယ်ကူပါဘူး။ ဒါကြောင့် သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျပန်မှာ ခါးပတ်ရရုံတင်မကဘဲ အမေရိကန် UFC အထိ တက်လှမ်းနိုင်ဖို့ ကျနော်နဲ့အတူ လက်တွဲပြီး သူ့ကို တောက်လျှောက် ကူညီထောက်ပံ့ပေးမဲ့ အလှူရှင် မိန်းစပွန်ဆာတွေ လိုချင်ပါတယ်” လို့ Mighty Saw ရဲ့ အခက်အခဲကို ရှင်းပြပါတယ်။
Mighty Saw ဟာ လက်ရှိ MMA ပရိုပွဲ မှတ်တမ်းအနေနဲ့ ၂ ပွဲနိုင် ၁ ပွဲရှုံး ရရှိထားပြီး၊ Tapology MMA ကဲ့သို့ ဝက်ဘ်ဆိုက်တွေမှာလည်း မှတ်တမ်းဝင်သူ ဖြစ်လာပါတယ်။
သူ့အနေနဲ့ နာမည်ကျော် UFC ဖိုက်တာ ဂျော့ရှူဝါဗန်လို ကမ္ဘာ့အဆင့်အထိ လှမ်းနိုင်ဖို့ ရည်မှန်းချက် ကြီးမားနေတယ်လို့လည်း DVB ကို ပြောပါတယ်။











