
ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၅ ဒသမ ၇ ရှိတဲ့ ပြင်းထန်တဲ့ ငလျင်တခု နိုဝင်ဘာလ ၈ ရက်မှာ လှုပ်ခတ်ခဲ့လို့ လူ ၂၂ ယောက် ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ငလျင်ဗဟိုချက်မှာ ရှီဇူအိုကာစီရင်စုမှာဖြစ်ပြီး မြေမျက်နှာပြင်အောက် ကီလိုမီတာ ၄၀ လောက်အနက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အိမ်နီးချင်း အာ့အိချိစီရင်စုမှာလည်း ငလျင်အပြင်းအထန် လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ ငလျင်ပြင်းအား တိုင်းတာမှုစံနှုန်းအရ အဆင့် ၅ အထက်အထိ ရှိခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။
တိုယိုဟာရှိမြို့က ကားအရောင်း ပြခန်းတခုမှာ ပြတင်းပေါက်မှန်တွေ ကွဲအက်နေပုံနဲ့ တိုယိုတာမြို့က စာအုပ်ဆိုင်တဆိုင်မှာ စာအုပ်တွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပုံတို့ကို ဒေသတွင်း ရုပ်သံမှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။ ဆူနာမီလှိုင်းတွေ မဖြစ်ခဲ့ဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။











