DVB Logo
Home
မြန်မာသတင်း
ဂျပန်ပို့မည်ဟုဆိုကာ အလိမ်ခံရသည့် မြန်မာလုပ်သားအချို့ ထိုင်းတွင် ဒုက္ခရောက်နေ 
DVB
·
November 6, 2026
Photo : DVB
Photo : DVB
Donate to DVB

ဂျပန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတိုးကြီးပေး ငွေချေးငှားပြီး အေဂျင်စီကို ငွေကျပ်သိန်းရာနဲ့ချီ ပေးသွင်းခဲ့ပေမဲ့ တကယ်တမ်း ဂျပန်ကိုမရောက်ဘဲ ထိုင်းနိုင်ငံမှာ လနဲ့ချီ သောင်တင်နေကြတဲ့ မြန်မာလုပ်သားတွေ ရှိနေပါတယ်။ 

ဒီလူငယ်တွေဟာ လက်ရှိမှာတော့ အကြွေးဆပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံမှာ ကြုံရာအလုပ်တွေကို ဝင်ရောက်လုပ်ကိုင်ပြီး ခက်ခဲစွာ ရုန်းကန်နေကြရပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လလောက်က ရန်ကုန်တိုင်း၊ ခရမ်းမြို့က လူငယ်အများစုဟာ ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ဂျပန်စာသင်တန်းတက်ရင်း မြောက်ဒဂုံက ဘုန်းကြီး တပါးကတဆင့် အောင်ပြည့်ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနဲ့ ချိတ်ဆက်ခဲ့ကြတာပါ။သူတို့ကို ထိုင်းနိုင်ငံမှာ ၃ လလောက်စောင့်ရင် ဂျပန်ကိုသွားရမယ်ဆိုတဲ့ ကတိကဝတ်နဲ့ အေဂျင်စီက ထိုင်းနိုင်ငံကို အရင် ပို့ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ကတိပေးထားတဲ့ ၃ လ ပြည့်သွားချိန်မှာတော့ ဂျပန်ကိုသွားရမဲ့အိပ်မက်ဟာ ပျက်သွားပြီး အခုဆိုရင် ထိုင်းနိုင်ငံမှာ သောင်တင်နေတာ  တနှစ်နီးပါး ရှိလာခဲ့ပြီလို့ လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။

"၇ လပိုင်းမှာ စခန်းစဝင်၊ ၇ လပိုင်းကနေ ၁၀ လပိုင်းထိ စခန်း  ၃ လဝင်ပြီးတော့ ၁၂ လပိုင်း လောက်မှာ ကျနော်တို့ကို ထိုင်းကို ပို့ပေးထားတယ်။ ပို့ပြီးတော့ ထိုင်းမှာ အလုပ် ၃ လပဲ လုပ်ရမယ် ဆိုပြီးတော့ စောင့်လိုက်တာ၊ ၃ လနဲ့လည်း အလုပ်မရသေးတော့ အဲ့ဒီ ၄ လပိုင်းလောက်မှာ အလုပ်စလုပ်ပြီးတော့ ခုချိန်ထိပဲ။ နောက်ပိုင်းကျတော့ အလုပ်လုပ်ရမယ်၊ ဟိုဘက်ကို COE တွေ ဘာတွေ တင်ရမယ်ဆိုပြီးတော့ ခုချိန်ထိ ကျောင်းသားတွေကလည်း ကြာကုန်တော့ အဲ့ဒီ မြန်မာပြည် ပြန်တဲ့သူက ပြန်တယ်၊ တချို့ဆို တိုင်တဲ့သူက သူတို့နဲ့ မြန်မာပြည်ပြန်ပြီးတော့ တိုင်နေကြတယ်။"

အလုပ်သမားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အောင်ပြည့်အေဂျင်စီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

ဂျပန်ကိုသွားရဖို့အတွက် အလုပ်သမားတယောက်ကို အေဂျင်စီစရိတ်၊ အင်တာဗျူးကြေးနဲ့ ထိုင်းကို လာရတဲ့ စရိတ်တွေအပါအဝင် ပျမ်းမျှ ငွေကျပ် သိန်း ၁၅၀ ကနေ သိန်း ၂၀၀ နီးပါး လောက်အထိ ကုန်ကျခဲ့ကြတယ်လို့ ဆိုပါတယ်။ 

တချို့ဆိုရင် ဂျပန်မှာ အလုပ်အင်တာဗျူးကို အလိုအလျောက်အောင်မြင်ဖို့ဆိုပြီး ဂျပန်ယန်း ၂ သောင်း (မြန်မာငွေ ကျပ် ၃၀ သိန်းဝန်းကျင်) အထိ ထပ်မံ ပေးသွင်းခဲ့ရတာတွေလည်း ရှိပါတယ်။

အခုလို ငွေကြေးအမြောက်အမြားကို ပေးနိုင်ဖို့ အတိုးကြီးပေး ချေးငှားလာခဲ့ကြရပေမဲ့ ဂျပန်ကို မရောက်ဘဲ ထိုင်းနိုင်ငံမှာသာ သောင်တင်နေတဲ့အတွက် မိသားစုတွေဆီကို လုံလောက်တဲ့ ငွေကြေး ပြန်မပို့နိုင်ဘဲ အကြွေးနွံနစ်မဲ့ အရေးနဲ့ ရင်ဆိုင်နေကြရပါတယ်။

လက်ရှိမှာတော့ စားဝတ်နေရေးနဲ့ အကြွေးဆပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက လုပ်ငန်းခွင်တချို့မှာ ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေကြရတယ်လို့ နောက်ထပ် လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။

"ဘာ တာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူးဗျာ။ ဟို ကျနော်တို့ကိုလည်း အဲ့လို ဖုန်းတွေဘာတွေလည်း အဲ့လို ဆက်သွယ်လို့လည်း မရတော့ဘူး။ အရင်က ဆက်သွယ်လို့ရတဲ့ လူတွေလည်း ဟို ဆက်သွယ်လို့ မရတော့ဘူးဗျာ သိလား။ အဲ့ဒါကြောင့်မို့ ကျနော်တို့လည်း အခု ကျနော်တို့ နေတာကတော့ ထိုင်းမှာ ကျနော်တို့ အဲ့လို ဘတ်ရိုက်ပြီးတော့ အဲ့လို အလုပ်ဝင်လုပ်နေတယ်။ ဒီ ထိုင်းမှာဆိုတော့ ကျနော်တို့ လာခဲ့တဲ့ အတိုးတွေနဲ့ရော သိတယ်မလား၊ ဟို ဆွဲခဲ့တဲ့ ပိုက်ဆံတွေ နဲ့ဆိုတော့ ဘယ်လိုလုပ် လောက်မလဲ၊ ကျနော်တို့ ကျေမှာလည်း မဟုတ်ဘူး၊ ဒုက္ခရောက်တာပေါ့။" 

ဒီလို ရာနဲ့ချီတဲ့ မြန်မာလူငယ်တွေ ဒုက္ခရောက်နေချိန်မှာ တာဝန်ယူရမဲ့ အေဂျင်စီ တာဝန်ရှိသူတွေဟာ အဆက်အသွယ်ဖြတ် တိမ်းရှောင်နေကြတယ်လို့ လိမ်လည်ခံရသူ တယောက်ကလည်း ပြောပါတယ်။

“ဒီဘက်ကို တာဝန်ယူတာကျတော့ မခိုင်ဆိုတဲ့ အဲ့ဒီ သူတို့ အောင်ပြည့်အေဂျင်စီက မခိုင်ဆိုတဲ့ တယောက်က ချင်းမိုင်မှာ ရှိတာ။ အခု သူတို့နဲ့လည်း အဆက်အသွယ်မရတာ ၃၊ ၄ လ လောက် ရှိသွားပြီ။ ကျနော်တို့ ထိုင်းရောက်တဲ့အထိ အဆက်အသွယ်ရသေးတယ်၊ အခု သူလည်း နောက်ပိုင်းမှာ အဆက်အသွယ် မရတော့ဘူး။ အခုလည်း အဆက်အသွယ် မရတော့ အဲ့ဒီ Viber ထဲမှာတော့ ကျနော်တို့ကတော့ အဲဒီ အောင်ပြည့် အေဂျင်စီ ဥက္ကဋ္ဌကိုတော့ complaint တွေ တက်တယ်၊ ဒါပေမဲ့ သူကတော့ စာလည်းဝင်မကြည့် ပြန်လည်း မပြောတော့ ဟိုလို လုပ်ပေးပါမယ်လို့၊ ကျနော်တို့ကို ဘယ်လိုလုပ်ပေးပါမယ်လို့ ပြန်မပြောဘူး၊ သူကတော့ စာမပြန်ဘူး။” 

သူတို့လို အလိမ်ခံရသူတွေထဲက တချို့က မြန်မာနိုင်ငံကို ပြန်ပြီး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

ဒါပေမဲ့ ဆုံးရှုံးခဲ့တဲ့ ငွေကြေးတွေကိုတော့ တယောက်မှ ပြန်လည်မရရှိကြသေးပါဘူး။ စာချုပ်ချုပ် ဆိုရာမှာလည်း သက်သေ ဓာတ်ပုံအထောက်အထားတွေ အရိုက်မခံခဲ့သလို စာချုပ်ကလည်း ထိုင်း ကို ပို့ပေးမဲ့အထိပဲ စာချုပ် ချုပ်ပေးခဲ့တာ ဖြစ်တာကြောင့် တိုင်ကြားရာမှာလည်း သက်သေ အထောက်အထား အခက်အခဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြတဲ့ မြန်မာလူငယ်တွေဟာ အခုလို ပြည်ပအလုပ်အကိုင် ပွဲစားတွေ၊ အေဂျင်စီတွေရဲ့ လိမ်လည်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေကြရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013