
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ စစ်အာဏာရှင်ကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ပေးပို့ဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မြန်မာကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးက တိုက်တွန်းပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ILO က အရေးပေါ် အထူးအစည်းအဝေး ပြုလုပ်ဖို့ ရှိနေတာကြောင့် ခိုင်မာတဲ့ အချက်အလက်တွေ တင်ပြဆွေးနွေးနိုင်အောင် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ILO ရဲ့ မြန်မာအလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးက “အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲ၊ ပြဿနာတွေနဲ့ ပတ်သက်လို့ ILO က ကြားဝင် စိစစ်ဆောင်ရွက်ပေးဖို့အတွက် အရေးပေါ် အထူးအစည်းအဝေး ခေါ်ယူဖို့ရှိပါတယ်” လို့ ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်တပ်က အာဏာသိမ်းပြီး အနိုင်ကျင့်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲ၊ ပြဿနာတွေကို ထုတ်နုတ် တင်ပြသွားမှာ ဖြစ်တာကြောင့် သတင်းအချက်အလက်တွေ ပေးပို့ဖို့ သူက တောင်းဆိုပါတယ်။
“အလုပ်သမား ညီအစ်ကို၊ မောင်နှမတွေအနေနဲ့ ကျမတို့ အဖွဲ့ချုပ်ဆီကိုပဲဖြစ်ဖြစ်၊ တခြား အလုပ်သမားအရေး လှုပ်ရှားကူညီပေးနေတဲ့အဖွဲ့တွေကနေဖြစ်ဖြစ် ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပေးပို့နိုင်ပါတယ်။”
မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ ILO နဲ့ အာရှ-ပစိဖိတ်ဒေသ၊ အာရပ်နိုင်ငံများဒေသ ရုံးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ တင်ပြကာ အရေးပေါ် အထူးအစည်းအဝေး ခေါ်ပေးဖို့ ဒေါ်ဖြိုးစန္ဒာစိုးက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်က နိုင်ငံခြားငွေ ရရှိဖို့အတွက် ပြည်ပရောက် မြန်မာတွေကို မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် လွှဲပို့ဖို့ ဖိအားပေးတာ၊ ဝင်ငွေခွန် ကောက်ခံတာ၊ နိုင်ငံသားအတည်ပြုကတ် (CI) လုပ်ခိုင်းပြီး ငွေကောက်ခံတာ စတဲ့ မတရားလုပ်ရပ်တွေကို အဲဒီအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ ဒေါ်ဖြိုးစန္ဒာစိုး အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်ထားပါတယ်။











