ချွန်းပူးရီးတွင် ဥပဒေနှင့်မညီသည့် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆီရီရားချားမြို့နယ်ရှိ အလုပ်သမားတန်းလျားနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတာမှာ ဥပဒေနဲ့ မညီညွတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ယောက် ဖမ်းဆီးခံရတယ်လို့ ဆီရိရားချားဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
ချွန်းပူးရီးခရိုင်ဝန်ရဲ့ ညွှန်ကြားချက်အရ နယ်မြေထဲမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ စစ်ဆေးနှိမ်နင်းရေးအတွက် ဆီရီရားချား အုပ်ချုပ်ရေးရုံး၊ နယ်မြေရဲတပ်ဖွဲ့၊ လဝကရဲနဲ့ လဲမ်ချ ဘန်းစည်ပင်ရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက် မနက် ၁၀ နာရီက ဆီရီရားချားမြို့နယ် နောင်ခမ်းရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို သွားရောက် စစ်ဆေးခဲ့တယ်။
စစ်ဆေးနေချိန် ၆ ဘီးကားတစီးဟာ အလုပ်သမားအပြည့်တင်ဆောင်ပြီး လုပ်ငန်းခွင်ကို အလုပ်ဆင်းဖို့ ရောက်လာပါတယ်၊ တာဝန်ရှိသူတွေက အဆိုပါကားကို စစ်ဆေးဖို့ တားဆီးရာမှာ ယာဉ်မောင်းက ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးဖို့ ကြိုးစားတယ်၊ တာဝန်ရှိသူတွေရဲ့ ကားကို ဝင်တိုက်မိမလိုပင် ဖြစ်သွားခဲ့တယ်၊ နောက် တာဝန်ရှိသူတွေက အဲဒီကားကို ထိန်းချုပ်နိုင်ခဲ့တယ်၊ အလုပ်သမားတွေ နေထိုင်ရာ ဘွန်ရပ်ကွက် နယ်မြေ ၉ ရှိ အလုပ်သမား တန်းလျားကို မောင်းနှင်သွားပြီး အစစ်ဆေးခံခဲ့တယ်။
တာဝန်ရှိသူတွေရောက်သွားတော့ တန်းလျားရှိ အလုပ်သမားတချို့လည်း ထွက်ပြေးပုန်း ရှောင်သွားကြပြီး အဲဒီနေရာမှာ ကားပေါ်က အလုပ်သမားရော တန်းလျားက အလုပ်သမားတွေပါ စုစုပေါင်း ၂၀၂ ယောက်ရဲ့ အထောက်အထားတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ စာရွက်စာတမ်း အထောက်အထားပြည့်စုံသူ ၁၇၂ ယောက်၊ အထောက်အထားမရှိသူ ၁၉ ယောက်၊ နေရပ်လိပ်စာအကြောင်းမကြားတာ ၁၁ ယောက် တွေ့ရှိပြီး မူးယစ်ဆေးသုံး သံသယရှိ အယောက် ၄၀ ကို ဆီးစစ်ရာမှာတော့ မူးယစ်ဆေးသုံးထားတာ မတွေ့ရဘူးလို့ သိရပါတယ်။
အထောက်အထားမဲ့ ၁၉ ယောက်မှာ အသက် ၁၈ နှစ်မှ ၄၀ ကျော်ထိ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အမျိုးသား ၁၉ ယောက် အမျိုးသမီး ၂ ယောက် ပါဝင်ပါတယ်။ သူတို့ကို လဝကဥပဒေ၊ အလုပ်သမားဥပဒေနဲ့ အရေးယူဖို့ ဆီရီရားချားနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: ဆီရိရားချားဒေသတွင်းသတင်းများ











