
မြန်မာ့အရေး တရုတ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ MNDAA တို့ အပစ်ရပ်စာချုပ်ကို စောင့်ကြည့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လားရှိုးမှာ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်က မြန်မာနိုင်ငံကို နယ်ချဲ့ဖို့ ကြိုးစားနေတာလို့ သုံးသပ်ချက်တွေလည်း ထွက်လာပါတယ်။ ရစ်ချတ်ကရော ဘယ်လို မြင်ပါသလဲ။ တရုတ်အနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေကနေ ဘာကို မျှော်လင့်နေတယ်လို့ ထင်ပါသလဲ။
ဖြေ - “တရုတ်အနေနဲ့က မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုနဲ့ ပတ်သက်လာရင် သူနဲ့ထိစပ်နေတဲ့ နယ်စပ်မျဉ်းတလျှောက်က အခြေအနေတွေပေါ်တည်ပြီး သုံးသပ်စဉ်းစားလေ့ ရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ နယ်စပ်လုံခြုံရေးကို အလွန်အရေးထားပါတယ်။ ဒါကြောင့် တရုတ်နယ်နိမိတ်ကို ထိခိုက်လာနိုင်ပြီး တရုတ်နိုင်ငံထဲ စစ်ဘေးရှောင်တွေ ရောက်လာစေနိုင်တဲ့ နယ်စပ်မျဉ်းတလျှောက်က တိုက်ပွဲတွေကို ရပ်တန့်ပစ်ဖို့ လိုလားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိုးကန့်စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပေကျင်းအစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်တာ ကျနော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုတကြိမ်မှာတော့ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ အရင်အချိန်တွေထက် နည်းနည်းလေး ကွဲပြားနေတယ်လို့ မြင်ပါတယ်။”
“အရင်တုန်းကဆိုရင် တရုတ်အစိုးရက သူ့ရဲ့အရှိန်အဝါကိုသုံးပြီး စစ်တပ် ဒါမှမဟုတ် မြန်မာအစိုးရနဲ့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် လွှမ်းမိုးနိုင်ခဲ့တာ တွေ့ရပါတယ်။ တရုတ်က ဘက်နှစ်ဘက်စလုံးနဲ့ ဆက်ဆံရေး တည်ဆောက်လေ့ ရှိပါတယ်။ အစ်ကိုကြီးတယောက်လိုပေါ့ဗျာ။ အစ်ကိုကြီးတယောက်အနေနဲ့ သူနဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့အစည်းတွေအားလုံးအပေါ် အကျိုးပြုတဲ့အချိန်တွေရှိသလို သူ့အလိုကျ လိုက်လျောဖို့ တောင်းဆိုတဲ့ အချိန်တွေလည်း ရှိပါတယ်။ သူ့သြဇာကိုသုံးပြီး အပစ်အခတ်ရပ်စဲဖို့ စစ်တပ်နဲ့ ပြိုင်ဘက်အဖွဲ့အစည်းတွေကို တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ ကူမင်းမှာရှိခဲ့သလို မြန်မာပိုင်နယ်မြေ အတွင်းမှာလည်း ရှိခဲ့ပါတယ်။”
“တရုတ်ဟာ စိတ်ရင်းစေတနာနဲ့ ဝင်ရောက်ဖျန်ဖြေပေးရသလို သူ့ကိုယ်သူ ပုံဖော်တတ်ပေမဲ့ တခါတရံ အရမ်းဖိအားပေးတတ်တယ်လို့ ကာယကံရှင်တွေဆီက ပြန်ကြားရပါတယ်။ ဒါပေမဲ့ ပုံမှန်တော့ တရုတ်က တိုက်ပွဲတွေဆက်မဖြစ်အောင် တားဆီးမယ်၊ စာရွက်ပေါ် လက်မှတ်ထိုးခိုင်းမယ်၊ သဘောတူညီချက်ရပြီလို့ ကြေညာမယ်၊ ဒီလောက်ပါပဲ။ ပြီးရင် လာရာလမ်းအတိုင်း ပြန်မယ်။ ပြဿနာတခုခုထပ်ဖြစ်လာရင် ပြန်ရောက်လာပြီး နောက်ထပ် အပစ်အခတ်ရပ်စဲရေးစာချုပ် ထပ်ချုပ်ခိုင်းမယ်ပေါ့လေ။ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ပြီးပါပြီ။ MNDAA အပါအဝင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပေမဲ့ မကြာခင်မှာပဲ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအချိန်မှာတော့ တရုတ်က ပိုပြီး ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလာရပုံပါပဲ။ အပစ်အခတ်ရပ်စဲဖို့ တွန်းအားပေးရုံသာမကဘဲ တကယ်လိုက်နာကြဖို့ စောင့်ကြည့်လာပါတယ်။”
“လားရှိုးကို တရုတ်စောင့်ကြည့်အကဲခတ်ရေးအဖွဲ့ဝင်တွေ အများကြီး ရောက်လာတာ တွေ့ခဲ့ရပါတယ်။ အရေအတွက် အတိအကျပြောဖို့ ခက်ပေမဲ့ ကျနော့်အထင်တော့ လူ ၁၀၀ လောက် ရှိနိုင်ပါတယ်။ သူတို့ကို အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ကိုယ်တိုင် ဦးဆောင်လာတာပါ။ ဒါက ထူးခြားပါတယ်။ အပစ်ရပ်ရေး တိုက်တွန်းရုံသာ မကတော့ဘဲ နိုင်ငံထဲအထိ ဝင်လာပြီး သဘောတူညီချက်အတိုင်း လိုက်နာဖို့ စောင့်ကြည့်တဲ့အထိ လုပ်လာတာပါ။ ကျနော့်အမြင်အရတော့ ဒီအဖြစ်ဟာ မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ် ဘယ်လောက်အထိ စိုးရိမ်နေသလဲဆိုတာ ပြနေပါတယ်။ နယ်စပ်လုံခြုံရေးအတွက်သာ မကတော့ဘဲ စစ်ကောင်စီ ပြုတ်ကျသွားမှာကို စိုးရိမ်လာတဲ့ သဘောပါ။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီက လားရှိုးကို ဆုံးရှုံးလိုက်ရတဲ့အတွက် တရုတ်က စိုးရိမ်သွားတာပါ။ လားရှိုးပြီးရင် ပြင်ဦးလွင်လား၊ မန္တလေးလား ဆိုပြီး မေးခွန်းတွေ ထွက်လာပါတယ်။ တရုတ်အနေနဲ့ ပြင်ဦးလွင်နဲ့ မန္တလေး ကျသွားရင် စစ်ကောင်စီပြုတ်ကျသွားမှာကို မလိုလားပါဘူး။ တရုတ်က စစ်ကောင်စီကို သဘောမကျပါဘူး။ အထူးသဖြင့် မင်းအောင်လှိုင်ကို သဘောမကျပါဘူး။ ဒါပေမဲ့ မသေချာ မရေရာတာတွေ ဖြစ်လာမှာကို ပိုပြီးစိုးရိမ်ပါတယ်။ အာဏာလေဟာနယ် ဖြစ်သွားမှာကို မလိုလားပါဘူး။ စစ်ကောင်စီ ပြုတ်ကျသွားရင် တနိုင်ငံလုံး ပရမ်းပတာ ဖြစ်သွားမလား၊ ဒါမှမဟုတ် အနောက်ဘက်ယိမ်းတဲ့ NUG လို အစိုးရမျိုး အာဏာရလာမလားပေါ့လေ။”
“ဒီလို ကြိုမခန့်မှန်းနိုင်တဲ့ အခြေအနေမျိုးကို တရုတ်က မကြိုက်ပါဘူး။ ဒါကြောင့် နှစ်ကုန်ရင် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး စစ်တပ်ကျောထောက်နောက်ခံနဲ့ အစိုးရတက်လာတာကို လိုလားပါတယ်။ ရွေးကောက်ပွဲမပြီးခင် စစ်ကောင်စီ ပြုတ်ကျသွားမှာကို တရုတ်က မလိုလားပါဘူး။ ကြိုတင်ခန့်မှန်းလို့ရတဲ့ စနစ်ကျတဲ့ ဖြစ်စဉ်မျိုးကိုပဲ လိုလားပါတယ်။ ဒါကြောင့်လည်း လားရှိုးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်လက်ထဲ ပြန်ပေးစေချင်တာပါ။ တရုတ်အစိုးရက MNDAA ကို စစ်ရေးအရ ထောက်ခံပေးရုံသာမကဘဲ ဒရုန်းနည်းပညာ အပါအဝင် အထောက်အပံ့တွေ အများကြီးပေးခဲ့ပါတယ်။ အစိုးရက တိုက်ရိုက်မပေးရင်တောင် တရုတ်ကုမ္ပဏီတွေ၊ တရုတ်အစိုးရလက်အောက်ခံ အဖွဲ့အစည်းတွေကတဆင့် ဒါတွေကို MNDAA က ရနေခဲ့တယ်ဆိုတာ သိရှိပြီး ခွင့်ပြုပေးခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ MNDAA ကို ပေးချင်တဲ့ message က ရှင်းပါတယ်။ မင်းတို့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်ယူ။ ပြီးရင် ရပ်လိုက်တော့၊ ရှေ့ဆက်မတိုးနဲ့ဆိုတာပါပဲ။”
“ဒါပေမဲ့ MNDAA က လက်မခံဘဲ လားရှိုးကို သိမ်းလိုက်ပါတယ်။ လားရှိုးဟာ စစ်ရေးအရရော စီးပွားရေးအရရော အရမ်းအရေးပါတဲ့နယ်မြေပါ။ ဒီအကြောင်းပြချက်တွေအပြင် MNDAA ဟာ လားရှိုးကို တခြားဘယ်သူမှ မရစေချင်တဲ့အတွက်ကြောင့်လည်း ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ မရှိမဖြစ် လိုအပ်တဲ့နယ်မြေ မဟုတ်ပေမဲ့လည်း KIO လို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရသွားမှာစိုးတဲ့အတွက်ကြောင့် ဖြစ်ပါလိမ့်မယ်။ စစ်တပ်ကလည်း မထိန်းနိုင်၊ သူတို့ကလည်း မသိမ်းဘဲထားထားရင် တခြားအဖွဲ့အစည်းတခုခုက ဝင်သိမ်းသွားမှာကို စိုးရိမ်ပုံပါပဲ။ ဒါပေမဲ့ တရုတ်က ဒါကို သဘောမကျပါဘူး။ MNDAA ကို လားရှိုးက ထွက်သွားစေချင်ပါတယ်။ ဒါကြောင့်လည်း ပိုပြီး ကိုယ်ထိလက်ရောက် စွက်ဖက်လာတာပါ။ စာချုပ်ပေါ် လက်မှတ်ထိုးခိုင်းရုံမကတော့ဘဲ ကိုယ်တိုင် မြန်မာနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်လာပြီး လိုချင်တဲ့ရလဒ်ကို ပုံဖော်ပါတော့တယ်။ ဒါဟာ တရုတ်အတွက်ရော၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာရော၊ နိုင်ငံတကာအတွက်ပါ အထူးအဆန်း ဖြစ်နေပါတယ်။ ဒီလို ဝင်ရောက်စွက်ဖက်မှုမျိုး တရုတ်က လုပ်လေ့လုပ်ထမရှိပါဘူး။ ရှေ့လျှောက် မြန်မာ့နိုင်ငံရေးမှာလည်း အခုထက်ပိုပြီး ဝင်ပါလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
မေး - တကယ်လို့ TNLA က အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးလိုက်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ အတိုင်းအတာတခုထိ တည်ငြိမ်သွားခဲ့ရင် စကစ အတွက် စစ်ရေးအရ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ - “ရှမ်းပြည်နယ်က လုံးဝငြိမ်းချမ်းသွားတာတော့ မဟုတ်သေးပါဘူး။ လားရှိုးလွှဲပြောင်းမှုဟာ အေးအေးဆေးဆေး ပြီးမြောက်သွားတယ် ဆိုပေမဲ့ နောင်ဘာဆက်ဖြစ်မလဲဆိုတာ ကျနော်တို့ မသိသေးပါဘူး။ လတ်တလောမှာတော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေသေးတာပဲ ရှိတာပါ။ နောင်ချိုလို နေရာမျိုးကို ကြည့်မယ်ဆိုရင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပါသေးတယ်။ ဒီဒေသက ဗျူဟာမြောက် အရေးပါတဲ့အတွက် စကစကလည်း ပြန်လိုချင်နေပါတယ်။ အခြေအနေအရပ်ရပ်ကို ခြုံငုံကြည့်ရင်တော့ [ရှမ်းပြည်မြောက်ပိုင်းမှာ] တိုက်ပွဲတွေက အရင်ကထက်စာရင် အများကြီး လျော့သွားပါတယ်။ ဒီအတွက် စစ်တပ်အနေနဲ့ အကျိုးကျေးဇူး ၂ ခု ရတယ်လို့ ကျနော်မြင်ပါတယ်။ ပထမတခုကတော့ ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့သွားတဲ့အတွက် ပြင်ဦးလွင်အပေါ် လတ်တလော ဖိအားလျော့သွားတာပါ။ မန္တလေးမှာဆိုရင်လည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားပေမဲ့ စစ်ရေးအရ အန္တရာယ်သိပ်မရှိသေးတဲ့ အနေအထားပါ။ ပြီးတော့ လူအင်အားအရ တခြားတိုက်ပွဲတွေအပေါ် အာရုံစိုက်လို့လည်း ရသွားပါတယ်။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးတွေက [စစ်ပွဲအပေါ်] ဘယ်လောက်ထိ အရေးပါလိမ့်မလဲ ဆိုတာကိုတော့ ကျနော်မပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာလည်း ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်တို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ ရှမ်းပြည်မှာရှိနေတဲ့ တပ်ဖွဲ့တွေ အားလုံးကိုလည်း ရခိုင်ပြည်ကို စေလွှတ်ဖို့ မဖြစ်နိုင်ပါဘူး။ အရေးတခုခုပေါ်လာရင် ရှမ်းပြည်နယ်ကိုကာကွယ်ဖို့ အင်အားတွေ အဆင်သင့်ရှိနေဖို့ လိုပါတယ်။”
“တဖက်မှာလည်း KIA ရဲ့ ထိုးစစ်ဟာ ကချင်ပြည်နယ်မှာ အတော်လေး အရှိန်ရနေပါပြီ။ လတ်တလော ဗန်းမော်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အင်းတော် ကျသွားပြီးနောက်ပိုင်းမှာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ ဖြစ်လာပြန်ပါတယ်။ [စကစအတွက်တော့] ကချင်ပြည်နယ်ဟာ တော်တော်ခေါင်းကိုက်စရာ အနေအထားပါ။ ဆိုတော့ [ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအရှိန် လျော့သွားတဲ့အခါ] စစ်တပ်အနေနဲ့ တခြားစစ်မြေပြင်တွေကို အာရုံပြန်စိုက်လို့ရသွားတဲ့ အကျိုးကျေးဇူးတော့ ရှိပါတယ်။ ငလျင်က စစ်ဌာနချုပ်တွေရဲ့ ဗျူဟာမြောက် စီစဉ်နိုင်စွမ်းအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲ ဆိုတာ ကျနော်တို့ မသိရပါဘူး။ ဒါပေမဲ့ ရာထူးမြင့် စစ်ဗိုလ်ချုပ်တွေကို နေပြည်တော်နဲ့ မန္တလေးမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ တာဝန်ပေးထားတာကိုကြည့်ရင် သူတို့တွေအနေနဲ့ စစ်ပွဲပေါ် အာရုံမစိုက်နိုင်ဘဲ အပျက်အစီးရှင်းလင်းရေး လုပ်နေရတယ်ဆိုတာ သိနိုင်ပါတယ်။ ဆိုတော့ [ငလျင်က] စစ်တပ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာ အတိအကျ မသိရပေမဲ့ သိပ်အခြေအနေမကောင်းလှဘူးလို့တော့ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရန်သူနည်းသွားတာက အခုလိုအခြေအနေမှာ စကစအတွက် နောက်ထပ်အကျိုးကျေးဇူးတခုလို့ ပြောလို့ရပါတယ်။”
မေး - ရစ်ချတ်ပြောသွားတဲ့အတိုင်းပဲ စကစဟာ AA၊ KIA တို့နဲ့လည်း ရင်ဆိုင်နေရပါတယ်။ တရုတ်အနေနဲ့ စကစနဲ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရလာအောင် ဖန်တီးနိုင်မယ်လို့ ထင်ပါသလား။
ဖြေ - “အများကြီးပိုခက်ပါလိမ့်မယ်။ တရုတ်အတွက်တော့ MNDAA နဲ့ ညှိနှိုင်းရတာက အလွယ်ဆုံးပါ။ ပြီးတော့ MNDAA ဟာ တရုတ်အစိုးရပေးတဲ့အကြံကို မလိုက်နာခဲ့ပါဘူး။ အကြံပေးချက်ဆိုပေမဲ့ တရုတ်က အကြံပေးပြီဆိုရင် မလိုက်နာလို့မရဘူး မဟုတ်လား။ ဒါကြောင့်လည်း တရုတ်က MNDAA ကို ဖိအားအများကြီး ပေးနိုင်တာပါ။ ဖုန်တာရွှင် ကိုလည်း ဆေးကုသမှု ခံယူနေတယ်ဆိုပြီး ချုပ်ထားလိုက်တယ်။ နယ်စပ်တွေ ပိတ်ပစ်တယ်။ တရုတ်အနေနဲ့ TNLA နဲ့ KIA အပေါ်လည်း ဖိအားပေးနိုင်ပါတယ်။”
“AA ခေါင်းဆောင်ပိုင်းက တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့အတွက် AA အပေါ်လည်း ဖိအားတစုံတရာ ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့လည်း တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ အပေါ်မှာတော့ အလားတူဖိအားမျိုး ပေးလို့မရပါဘူး။ သူတို့က တရုတ်ကို ပိုပြီး အာခံနိုင်စွမ်း ရှိပါတယ်။”
“TNLA နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် သူ့အနေနဲ့ အနာဂတ်ရပ်တည်နိုင်ရေးနဲ့ တရုတ်အစိုးရရဲ့ ဖိအားကြား ရွေးချယ်ဖို့ဖြစ်လာတဲ့အခါ အနာဂတ်ရပ်တည်နိုင်ရေးကိုပဲ ရွေးချယ်ပါလိမ့်မယ်။ တရုတ်အနေနဲ့က စည်းတခုသတ်မှတ်ပြီး ဒီထက်ပိုရှေ့မတိုးနဲ့လို့ ရာဇသံပေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီရာဇသံကို မလိုက်နာတဲ့အခါ တရုတ်အတွက် အခက်တွေ့စရာ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရှိန်အဝါက အကန့်အသတ်ရှိတယ်ဆိုတာ ပေါ်လွင်သွားတာကိုး။ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ နိုင်ငံငယ်လေးက လက်နက်ကိုင်တပ်လေးက သူ့စကားကို နားမထောင်ဘူးဆိုတာ တရုတ်အတွက်တော့ လက်မခံနိုင်စရာပါပဲ။ လက်တုံ့ပြန်မယ် ဆိုရင်လည်း အခြေအနေတွေ ပိုဆိုးလာတဲ့အခါ တရုတ်အတွက် အကျိုးမရှိနိုင်ပါဘူး။ ဒါကြောင့်လည်း တရုတ်က ဖြစ်နိုင်တာကိုပဲ တောင်းဆိုဖို့ သတိထားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
“ဆိုတော့ TNLA ဘက်က ပြန်တွေးကြည့်ရင် သူ့နယ်မြေတွေက ရှမ်းပြည်နယ် အတွင်းဘက်ကျတဲ့အတွက် တရုတ်နယ်စပ်ပေါ် သိပ်မှီခိုနေခြင်း မရှိပါဘူး။ ဒါကြောင့် တရုတ်အနေနဲ့ ဖိအားပေးရတာ ပိုခက်ပါတယ်။ KIA နဲ့ ပတ်သက်လာရင်တော့ မြေရှားသတ္တုက အဓိကပါ။ တရုတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုတွေကို KIA က ထိန်းချုပ်ထားပါတယ်။ ဒီတော့ KIA မှာ တရုတ်အပေါ် နိုင်ကွက်ရှိနေပါတယ်။ ပြီးတော့ KIA က တရုတ်နဲ့ သိပ်အရမ်းကြီး နီးစပ်တာမျိုး မဟုတ်ပါဘူး။ KIA ဟာ တရုတ်နဲ့ဆက်ဆံရေးကို ဘက်ညီအောင် ထိန်းညှိနိုင်စွမ်း ရှိပါတယ်။ တရုတ်နဲ့ပတ်သက်လာရင် KIA က တော်တော်ပါးနပ်ပါတယ်။ ပေကျင်းအနေနဲ့ ကြိုက်တဲ့အချိန်ဖုန်းခေါ်ပြီး KIA ကို အမိန့်ပေးနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့်လည်း တရုတ်ဟာ KIA နဲ့ စကစရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လာရင် သိပ်ဖိအားပေးတာ မတွေ့ရပါဘူး။ KIA အကြောင်း လူသိရှင်ကြား ပြောတာဆိုတာတွေလည်း မရှိသလောက်နည်းပါတယ်။ AA က ပိုခက်ပါတယ်။ AA အနေနဲ့ [တရုတ်ထက်] အိန္ဒိယနဲ့ ပိုပြီး ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယနဲ့ ဆက်ဆံရေး တည်ဆောက်ရင်း တဖက်မှာလည်း တရုတ်နဲ့ ဆက်ဆံရေးမပျက်ဖို့ သတိထားရပါမယ်။ အကယ်၍ AA ရဲ့ ခေါင်းဆောင်ပိုင်းက တရုတ်နယ်စပ်ကနေ ရခိုင် သို့မဟုတ် အိန္ဒိယနယ်စပ်ကို ပြောင်းရွှေ့သွားခဲ့ရင် တရုတ်အတွက် AA ကို ကိုင်တွယ်ရတာ ပိုလို့တောင် ခက်နိုင်ပါသေးတယ်။ ဒါကြောင့် တရုတ်အနေနဲ့ AA နဲ့ပတ်သက်လာရင် ပိုပြီးတော့ သတိထားပါတယ်။”
“တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆိုရင်တော့ ပိုလို့တောင် ခက်ပါသေးတယ်။ တရုတ်အတွက်ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆန္ဒမရှိလှပါဘူး။ ပေကျင်းက မူဝါဒရေးဆွဲသူတွေကို မေးကြည့်ရင် မြန်မာနိုင်ငံက တော်တော်လေး ရှုပ်ထွေးတယ်လို့ ဖြေကြမှာပါ။ ဒါကြောင့် တရုတ်အနေနဲ့ ချက်ချင်းကြီး မြန်မာနိုင်ငံ ငြိမ်းချမ်းလာအောင် မဆောင်ရွက်နိုင်ပါဘူး။ ဘယ်နိုင်ငံမှလည်း စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။”
“ဒီတော့ တရုတ်လုပ်နိုင်တာက သူ့အတွက် အကျိုးအရှိဆုံးဖြစ်မယ့် အခြေအနေတခုကို ဖန်တီးဖို့ပါပဲ။ သူတို့အနေနဲ့ လမ်းညွှန်မှု နည်းနည်းပေးနိုင်ပေမဲ့ သုခဘုံတခုကိုတော့ ဖန်တီးမပေးနိုင်ပါဘူး။ ဆိုတော့ တိုက်ပွဲတွေ အကုန်လုံးရပ်တန့်ဖို့လည်း မဟုတ်ဘူး၊ နေပြည်တော်မှာ နိုင်ငံရေးရလဒ်တခု ထုတ်ပေးဖို့လည်း မဟုတ်ဘူး။ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အဓိကပါ။ ဒါကြောင့် KIA နဲ့ စကစ တိုက်ပွဲဖြစ်တာ တရုတ်အတွက် သိပ်အရေးမကြီးဘူး။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း သိပ်မစိုးရိမ်ပါဘူး။ တရုတ်အနေနဲ့ ကျောက်ဖြူ ဓာတ်ငွေ့ပိုက်လိုင်းတွေ အပါအဝင် သူ့အကျိုးစီးပွားတွေကို AA က ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြားကိစ္စတွေကတော့ တရုတ်အတွက် အရေးကြီး ဦးစားပေးမဟုတ်ပါဘူး။”
မေး - တရုတ်အနေနဲ့ NUG ကို အနောက်ယိမ်းအင်အားစုလို့ သတ်မှတ်ထားပါတယ်။ NUG အနေနဲ့ တရုတ်ရဲ့သဘောထားကို ပြောင်းလဲပစ်ဖို့ အချိန်သိပ်နောက်ကျနေပြီလား။ ဒါမှမဟုတ် အစကတည်းက ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး မရှိခဲ့တာလား။ ရစ်ချတ် ဘယ်လိုထင်ပါသလဲ။
ဖြေ - “NUG အတွက်တော့ တော်တော်ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ NLD ခေါင်းဆောင်တွေကို ကြည့်ရင် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နဲ့ လစ်ဘရယ် အတွေးအခေါ်တွေက သူတို့ရဲ့ DNA ထဲမှာကို ရှိနေတာပါ။ လစ်ဘရယ်ပီပီပြင်ပြင် မဟုတ်ခဲ့ရင်တောင် အနောက်တိုင်းဆန်တဲ့ အတွေးအခေါ် ရှိကြပါတယ်။ လူ့အခွင့်အရေးအကြောင်း ပြောကြတာမျိုးပေါ့။ ဒါက NLD ရဲ့ ဖြစ်တည်မှုထဲမှာကို ရှိနေတာပါ။ ဒါ့အပြင် NUG ရဲ့ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တွေကို ကြည့်လိုက်ရင်လည်း ခရစ်ယာန်ဘာသာဝင် လူနည်းစု တိုင်းရင်းသားတွေ ဖြစ်နေပါတယ်။ ဒါကလည်း တရုတ်အတွက်တော့ သိပ်သဘောမတွေ့စရာပါပဲ။ တယောက်က ကချင်လူမျိုး။ တရုတ်က ကချင်လူမျိုးတွေဆိုရင် သံသယနဲ့ ချဉ်းကပ်လေ့ ရှိပါတယ်။ နောက်တယောက်က ကရင်လူမျိုးဖြစ်ပြီး တရုတ်အနေနဲ့ သိပ်အကောင်းမမြင်ပါဘူး။ ဆိုတော့ NUG အနေနဲ့ တရုတ်ရဲ့အကျိုးစီးပွားကို ကာကွယ်ပေးမယ်ဆိုတာ တရုတ်ယုံကြည်လာအောင် လုပ်ဖို့ခက်ပါတယ်။ တရုတ်က NUG နဲ့ NLD ဟာ ဝါရှင်တန်နဲ့ နီးစပ်သူတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဘက်တော်သားတွေလို့ သတ်မှတ်ထားပါတယ်။”
“ဒါပေမဲ့ တရုတ်က ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုတော့ အမြင်ကြည်ပုံရပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ တရုတ်ဆန့်ကျင်တဲ့ သဘောထားမျိုး မပြခဲ့ပါဘူး။ တရုတ်ဘက်ယိမ်းတယ်လို့တောင် တချို့က ပြောကြပါလိမ့်မယ်။ ဒါကြောင့် တရုတ်က သူ့ကိုအမြင်ကြည်ပေမဲ့ NLD ကိုတော့ သိပ်အမြင်ကြည်ပုံမရပါဘူး။ NUG နဲ့ နွေဦးတော်လှန်ရေးကိုတော့ ပိုဆိုးတာပေါ့။ ဒါက ပြောရရင် ထိုင်ဝမ် အပါအဝင် တရုတ်ကို ဆန့်ကျင်တဲ့ Milk Tea Alliance ပုံစံပဲမဟုတ်လား။ တရုတ်ကွန်မြူနစ်ပါတီဟာ တော်လှန်ရေးတွေကို သိပ်အမြင်မကြည်ပါဘူး။ တရုတ်ရဲ့အမြင်ကို ပြောင်းလဲဖို့ ခက်တယ်ဆိုပေမဲ့လည်း တဖက်မှာ ဝါရှင်တန်ဟာ အပြောင်းလဲကြီး ပြောင်းလဲနေပါပြီ။ အထူးသဖြင့် လွန်ခဲ့တဲ့ ရက်ပေါင်း ၁၀၀ ကျော်အတွင်းမှာ အမေရိကန်အစိုးရဟာ ပြောင်းလဲသွားပါပြီ။ တိုင်းတပါးမှာ ဒီမိုကရေစီမြှင့်တင်ရေးကို အားပေးတဲ့ အစိုးရလို့ ပြောလို့မရတော့ပါဘူး။ ထရမ့်ပ် အစိုးရဟာ ဒီမိုကရေစီ အပါအဝင် လစ်ဘရယ်ဝါဒကို သံသယမျက်လုံးနဲ့ကြည့်တဲ့ အစိုးရပါ။ NUG နဲ့ပတ်သက်ပြီး စဉ်းစားမိချင်မှတောင် စဉ်းစားမိပါလိမ့်မယ်။ စဉ်းစားမိရင်လည်း သံသယနဲ့ပဲ ချဉ်းကပ်မှာပါ။ ဒါဟာ NUG အတွက် တရုတ်အပါအဝင် အာရှနဲ့ ဆက်ဆံရေးပြောင်းလဲဖို့ အခွင့်အရေးပါပဲ။ ဝါရှင်တန်က ပြောင်းလဲသွားပြီဖြစ်တဲ့အတွက် ငါတို့ ဝါရှင်တန်နဲ့ သိပ်အဆက်အဆံ မလုပ်တော့ဘူးဆိုတဲ့ ပုံစံမျိုး အကြောင်းပြလို့ ရလာပါတယ်။”
“ဒါပေမဲ့ ဒါမျိုးလုပ်နိုင်လား၊ လုပ်လိမ့်မလားဆိုတဲ့ မေးခွန်းရှိလာပြန်ပါတယ်။ ကျနော့်အမြင်ကတော့ လုပ်သင့်ပါတယ်။ NUG အတွက် ရှေ့ဆက်ဖို့ တခုတည်းသော၊ အဖြစ်နိုင်ဆုံးသော နည်းလမ်းက အာရှ၊ အာဆီယံ၊ တရုတ်တို့နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ပါ။ ဒီနိုင်ငံတွေက သူ့ကို နားလည်လာအောင်၊ သူက ဒီနိုင်ငံတွေအတွက် ရန်သူမဟုတ်ဘူးဆိုတာ သိလာအောင် NUG ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ ဒီလိုလုပ်နိုင်ခဲ့ရင် NUG အတွက် အကျိုးကျေးဇူး အများကြီးရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက တော်တော်ကြီးတဲ့ ပြောင်းလဲမှုပါ။ အတွေးအခေါ်တခုကို အချိန်အကြာကြီး လက်ခံထားတဲ့သူတွေ အတွက်တော့ ချက်ချင်းပြောင်းလဲဖို့ ခက်ပါလိမ့်မယ်။”
မေး - စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အာဆီယံနဲ့ ပိုပြီးနီးစပ်မှု ရှိလာပါတယ်။ မကြာသေးခင်ကပဲ ဘန်ကောက်ကိုသွားပြီး အန်ဝါနဲ့ တွေ့ဆုံခဲ့တယ်။ အာဆီယံအနေနဲ့ NUG နဲ့ မင်းအောင်လှိုင်ကြား ဘယ်လိုရှေ့ဆက်သွားသင့်တယ် ထင်ပါသလဲ။
ဖြေ - “တရုတ်လိုနိုင်ငံကြီးကတောင် မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ရလဒ်တခုထွက်အောင် မစွမ်းဆောင်နိုင်ရင် အာဆီယံကတော့ ပိုဝေးပါတယ်။ အာဆီယံရဲ့ သံခင်းတမန်ခင်းက ပြည်တွင်းစစ်ကို ရပ်တန့်ဖို့၊ စစ်တပ်အတွက် ထွက်ပေါက်ပေးဖို့ မဟုတ်ပါဘူး။ ဒါတွေက အာဆီယံ စွမ်းဆောင်နိုင်တဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။ အာဆီယံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ၂ ခြမ်းကွဲသွားမှာကို စိုးရိမ်ပါတယ်။ အခုတောင် မြန်မာ့အရေးကြောင့် သဘောထားကွဲပြားမှုတွေ ဖြစ်နေပါပြီ။ ဆိုတော့ အန်ဝါဘက်က တွေးကြည့်ရင် သက်ဆင်ကို အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်တာဟာ ကွာလာလမ်ပူနဲ့ ဘန်ကောက်အစိုးရတွေကြား ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လိုက်တာပါ။ အန်ဝါအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလတလျှောက် ထိုင်းအစိုးရက ကဖျက်ယဖျက် ဝင်မလုပ်အောင် တားဆီးလိုက်တာလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်ကာလမှာ ထိုင်းက ဆန့်ကျင်ဘက်တွေ ဝင်လုပ်လေ့ရှိပါတယ်။ အင်ဒိုနီးရှားက ပုံစံတမျိုး စည်းဝေးရင် ထိုင်းက မတူတဲ့ပုံစံတမျိုးနဲ့ စည်းဝေးတာမျိုးပေါ့။ ထိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံနိုင်ငံတွေထဲမှာ သူတို့သာ ပြောရေးဆိုခွင့်အရှိဆုံးလို့ ထင်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံးရှိနေတဲ့နိုင်ငံကိုး။ [မြန်မာ့နိုင်ငံရေးကြောင့်] ဖြစ်လာတဲ့ အကျိုးဆက်အားလုံးကို ခံစားရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ စစ်တပ်၊ KNU အစရှိတဲ့ အင်အားစုတွေအကြောင်း ထိုင်းကအသိဆုံးပါ။”
“အဲဒီတော့ ထိုင်းက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် သူတို့သာ ဦးဆောင်သင့်တယ်လို့ ထင်နေပါတယ်။ သက်ဆင်ကလည်း မြန်မာနိုင်ငံအကြောင်း သူသာ အသိဆုံးလို့ ထင်နေပါတယ်။ တကယ် ဟုတ်တာ မဟုတ်တာ ထား၊ သူကတော့ သူ့ကိုယ်သူ ဒီလိုပဲ ယူဆနေပုံရပါတယ်။ ဆိုတော့ အန်နဝါဟာ သက်ဆင်ကို အကြံပေးအဖြစ် ခန့်အပ်လိုက်ပြီး ထိုင်းက သူ့ကို ဝင်မရှုပ်အောင် တားဆီးလိုက်တဲ့သဘောပါ။ တော်တော်ပါးနပ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီအချက်က အာဆီယံဟာ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ထက် မြန်မာနိုင်ငံကြောင့် အချင်းချင်း ပြဿနာဖြစ်မှာ ပိုစိုးရိမ်တယ်ဆိုတာကို ပြနေပါတယ်။”
“ဒါက နည်းနည်းတော့ ရက်စက်ရာကျပါတယ်။ အန်ဝါလည်း ဒီကိစ္စတွေအကြောင်း တွေးမိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အန်ဝါက သံတမန်ရေးကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားတယောက်ပါ။ သူ အတတ်နိုင်ဆုံး ကြိုးစားပေးနေတယ်လို့လည်း ကျနော်မြင်ပါတယ်။ ဒါပေမဲ့ အကန့်အသတ်ဆိုတာ ရှိစမြဲမဟုတ်လား။ စစ်ကောင်စီနဲ့ NUG ရဲ့ လိုလားမှုမပါဘဲ သူတို့ကို အတူတကွ တွေ့ဆုံစေပြီး ငြိမ်းချမ်းရေး သို့မဟုတ် အပစ်ရပ် သဘောတူညီချက်မျိုး လက်မှတ်ထိုးခိုင်းလို့ မရပါဘူး။”
“မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုအပြီးမှာ NUG ရဲ့ဝန်ကြီးချုပ်နဲ့ video call ပြောတာမျိုးကို ကြည့်ရင် အန်ဝါက ဘယ်လောက်ကြိုးစားနေသလဲ သိနိုင်ပါတယ်။ ဒါက NUG နဲ့ တော်တော်အဆင့်မြင့်မားတဲ့ ဆက်ဆံမှုမျိုးပါ။ လူချင်းတွေ့ဆုံမှုမျိုးဖြစ်လာဖို့ မျှော်လင့်ချက်လည်း ထားလို့ရလာပါတယ်။ ဒါပေမဲ့ အန်ဝါအနေနဲ့ အခုလို ဘက်နှစ်ဘက်စလုံးနဲ့ ဆက်ဆံရေးလုပ်နေတာကို ကြည့်ပြီး မျှော်လင့်စရာတွေ ဖြစ်လာတာတော့ အမှန်ပါ။”
“အကယ်၍ ဒီဇင်ဘာမှာ ရွေးကောက်ပွဲ တကယ်ဖြစ်လာခဲ့ရင် အာဆီယံဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ဘယ်လိုပြင်ဆင်မလဲ ဆိုတာထက် စစ်တပ်ကျောထောက်နောက်ခံနဲ့ အာဏာရလာတဲ့ မည်သည့်အစိုးရနဲ့မဆို ဆက်ဆံဖို့ စောင့်ကြိုနေပါလိမ့်မယ်။ ဒီလိုအဖြစ်မျိုး ဖြစ်ကိုဖြစ်လာမယ်ဆိုတာ သေချာနေရင် လက်ရှိပြဿနာအတွက် အဖြေရှာဖို့အချိန်လည်း သိပ်မကျန်တော့ဘူးလေ။ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရအနေနဲ့လည်း အခု စစ်ကောင်စီက ကြုံနေတဲ့ ပြဿနာမျိုး ကြုံရဦးမှာပါ။ လူထုထောက်ခံမှုအရ တရားဝင်ခြင်းမရှိဘူး။ ပြည်တွင်းစစ်ကလည်း ရှိနေဦးမယ်။ ရွေးကောက်ပွဲကျင်းပရုံမျှနဲ့ ဒီပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး။ နိုင်ငံတော်တော်များများ အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ နေပြည်တော်နဲ့ ဆက်ဆံရေး ပြောင်းလဲသင့်မသင့် ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်နေကြပါလိမ့်မယ်။”
ကျေးဇူးတင်ပါတယ်။