DVB Logo
Home
မြန်မာသတင်း
တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုက စစ်အာဏာရှင်သက်ဆိုးရှည်စေရန် မဖြစ်စေသင့်ဟု NUG ယာယီသမ္မတပြော
DVB
·
May 2, 2025
တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုက စစ်အာဏာရှင်သက်ဆိုးရှည်စေရန် မဖြစ်စေသင့်ဟု NUG ယာယီသမ္မတပြော
Donate to DVB

တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ တရုတ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် အဖွဲ့ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ တရုတ်ဘက်ကို သတင်းစကားပါးသင့်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

မေ ၂ ရက် ဒီနေ့လုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောတာဖြစ်ပြီး တရုတ်အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသောထင်ကြေးတွေနဲ့ ချဉ်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်လို့ အစိုးရအဖွဲ့အနေနဲ့ ဒီအချက်ကိုလည်း လေးလေးနက်နက်ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင်ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာအခြေခံဖို့ ကျနော်တို့အားလုံး တိုက်တွန်းနှိုးဆော်သင့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသော ထင်ကြေးတွေနဲ့ ချဉ်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ ဒီအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊  အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူမဟုတ်ကြောင်း၊ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်းဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုကြောင်း ယာယီသမ္မတက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကိုအခြေခံတဲ့ နိုင်ငံခြားရေးသဘောထားရှိကြောင်း၊ ဒါ့ကြောင့် အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊  မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်းလည်း ပြောပါတယ်။

ဆက်ပြီးတော့ ယာယီသမ္မတ ဒူဝါလရှီးလက “ဒေသတွင်းနိုင်ငံတွေနဲ့ မြန်မာ့အရေးကို ဆွေးနွေးညှိနှိုင်းကြတဲ့အခါ နိုင်ငံတော်ရဲ့ ဖြစ်တည်ခဲ့မှုကို လျစ်လျူမရှုဘဲ မူအပေါ်မှာအခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို အခြေခံဖို့ တိုက်တွန်းကြရမှာဖြစ်ကြောင်း၊ နိုင်ငံရဲ့ အထွေထွေပဋိပက္ခတွေဟာ သမိုင်းဆိုင်ရာပဋိပက္ခနဲ့ လူမျိုးရေး - နိုင်ငံရေးပဋိပက္ခတွေအဖြစ် အမြစ်တွယ်နေတာကို နားလည်ကြဖို့  တိုက်တွန်းကြရမှာဖြစ်ကြောင်း၊  ဒေသတွင်းနိုင်ငံတွေထဲမှာ ဩဇာသိပ်ကြီးထွားလာတဲ့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ တက်တက်ကြွကြွ ဝင်ရော က်ဖျန်ဖြေမှုကို  မငြင်းပယ်ပေမမဲ့၊ တဘက်မှာလည်း အခုထက် ပိုမိုကျယ်ပြန့်သောချည်းကပ်မှုတွေနဲ့ ကြားဝင်ဖျန်ဖြေမှသာ ရေရှည်အတွက် ဆေးနည်းကောင်း ဖြစ်တယ်လို့ယူဆကြောင်း၊ ယခုလုပ်ရပ်သည် မြန်မာ့အရေးကို လတ်တလော အနာသက်သာရုံ ဆေးမြီးတိုလောက်နှင့် ကျေနပ်တင်းတိမ်ရမလိုဖြစ်နေသည်ဟု ယူဆကြောင်း” ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း  ပြောင်းလဲလာတဲ့ တော်လှန်ရေး အခြေအနေကြောင့်  ပိုစုစည်းဖို့လိုအပ်ပြီး ပိုမိုအလုပ်ဖြစ်ဖို့လိုတာကြောင့် ဝန်ကြီးတွေအနေနဲ့ အလုပ်ဖြစ်နိုင်စေရေးအတွက်ကို ပထမဦးစားပေးစဉ်းစားပြီး မိမိတို့ လက်ရှိယူထားတဲ့ တာဝန်တွေအရ ပြည်တွင်းရယ် ပြည်ပရယ်ဆိုတာထက် ဘယ်လိုနေရာမျိုးမှာနေပြီး တာဝန်ထမ်းဆောင်ရင် တော်လှန်ရေးအတွက်ပိုထိရောက်၊ အကျိုးရှိမလဲစဉ်းစားပြီး သင့်တော်တဲ့နေရာဒေသအသီးသီးကနေ ပိုမိုအားထည့်ကြိုးစားပေးစေလိုတယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013