
ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲနဲ့ ပြောဆိုတဲ့ အသံဖိုင်ပေါက်ကြားခဲ့မှုကြောင့် အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ကို ရာထူးက ယာယီဆိုင်းငံ့လိုက်တဲ့ နောက် ဒုဝန်ကြီးချုပ်လည်းဖြစ် လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဆူရိယ ကျင်ရုန့်ရိန်းကစ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိ ညွန့်ပေါင်းပါတီကို ဦးဆောင်နေတဲ့ ဖွေထိုင်းပါတီအစိုးရက သူတို့ပါတီဝင်ဖြစ်တဲ့ ဆူရိယ ကျင်ရုန့်ရိန်းကစ်ကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပါတီတွင်းမှာ အရေးပေါ် ရွေးချယ်လိုက်ကြတာပါ။
အသက် ၆၁ နှစ်ရွယ်ရှိ ဆူရိယ ကျင်ရုန့်ရိန်းကစ်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ်ကနေ စက်မှုအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး နိုင်ငံရေးလောကထဲကို ၁၉၉၈ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။
သူဟာ ထိုင်းရတ်ထိုင်းပါတီ၊ ဖလန်းပချားရတ်ပါတီထဲမှာ ဝင်ရောက်ခဲ့ဖူးပြီး လွှတ်တော်ကိုယ်စားလှယ်၊ စက်မှုလက်မှုဝန်ကြီး၊ ဝန်ကြီးများရုံးဝန်ကြီး စတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပါတယ်။
၂၀၀၄ ခုနှစ် ဖွေထိုင်းပါတီ အနိုင်ရတော့ ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး ဖြစ်လာပါတယ်။ ယာယီဝန်ကြီးချုပ်အဖြစ် အရွေးခံရတဲ့နောက် လာမယ့် ဇူလိုင် ၃ ရက်မှာ ဒီကနေ့ ခန့်အပ်ခံရတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးသစ်တွေနဲ့အတူ ဘုရင်မင်းမြတ်ထံ အခစားဝင်ဖို့ ရှိနေပါတယ်။
သူဟာ ဝန်ကြီးချုပ်တာဝန်ဝတ္တရားတွေကို အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိပြီး ဝန်ကြီးချုပ်တာဝန်တွေ အပြင် လက်ရှိအစိုးရနဲ့ ဖွေထိုင်းပါတီပေါ် ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာတာကို ပြန်လည်စည်းရုံး တည်ဆောက်ရမယ့် တာဝန်ပါ ရှိနေကြောင်း၊ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ ဆန္ဒပြမှုတွေဟာလည်း သူ့အတွက် စိန်ခေါ်မှုတွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
Source: prachachat / wikipedia