Home
ဆောင်းပါး
ကရင်ပြည်နယ်ရှိ အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်
DVB
·
June 29, 2025

ဇွန်လ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ်၊ သေ့ဘောဘိုးဒေသမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။

မေလနှောင်းပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ မြန်မာ-ထိုင်းနယ်စပ်တလျှောက်က စစ်ကောင်စီရဲ့ စစ်စခန်းတွေကို တိုက်ခိုက်နေခဲ့ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အဓိကကျတဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။

KNLA ရဲ့ အရာရှိကြီးတယောက်က "ရက်သတ္တပတ်ပေါင်းများစွာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာတော့ နယ်စပ်တလျှောက်က အရေးအကြီးဆုံး စစ်စခန်းတော်တော်များများကို ကရင်တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပါပြီ" လို့ပြောပါတယ်။

အဲဒီစခန်းတွေထဲမှာ သေ့ဘောဘိုးစခန်းလည်း ပါဝင်ပါတယ်။ သေ့ဘောဘိုးဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ စခန်းဟောင်းဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ စစ်တပ်က သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ KNU က ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် အဲဒီနှစ်မှာပဲ စစ်တပ်က နောက်တကြိမ် ပြန်သိမ်းသွားခဲ့ပါတယ်။ အခုတော့ သေ့ဘောဘိုးဟာ KNU ရဲ့ ထိန်းချုပ်မှုအောက်ကို နောက်တခေါက် ပြန်ရောက်နေပါပြီ။ ဒီစခန်းဟာ ကရင်ပြည်နယ်ရဲ့မြို့တော် ဘားအံမြို့နဲ့ ၁၁၁ မိုင် (၁၈၀ ကီလိုမီတာ) ကွာဝေးပြီး အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့နဲ့တော့ ၃၂ မိုင် (၅၂ ကီလိုမီတာ) ပဲ ဝေးပါတယ်။

အခုချိန်မှာတော့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အနီးအနားမှာရှိတဲ့ ဝေါလေ ဗျူဟာကုန်းကို တိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။ အဲ့ဒီစခန်းမှာ စစ်ကောင်စီတပ်သား အင်အား ၄၀၀ လောက် ရှိနေပါတယ်။ ဒါ့အပြင် အရေးပါတဲ့ စခန်းငယ်တခုဖြစ်တဲ့ ဥကရစ်ထစခန်းကိုလည်း ပစ်မှတ်ထားနေပါတယ်။

ဒီစခန်း ၂ ခုလုံးကိုသာ KNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် နယ်စပ်တလျှောက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအများစုနဲ့ အကျိုးအမြတ်များတဲ့ ကုန်သွယ်ရေးဂိတ်တွေကို ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီစခန်း ၂ ခုကိုသာ လက်လွှတ်လိုက်ရမယ်ဆိုရင် မြဝတီမြို့မှာစစ်တပ်ရဲ့ ထိန်းချုပ်မှုဟာလည်းအားပျော့သွားကာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တိုက်ခိုက်ရလွယ်ကူသွားပါလိမ့်မယ်။ 

ပြင်းထန်တဲ့ တိုက်ပွဲတွေအပြင် မြန်မာ့လေတပ်ရဲ့ လေကြောင်းပစ်ကူတွေဖြစ်တဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အသေခံဒရုန်းတွေရဲ့ တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။ နိုင်ငံတကာ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အရပ်သားပြည်သူတွေက တော်လှန်ရေးကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။

KNLA ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ သူတို့ရဲ့ နှစ်ရှည်လများ ကျင့်သုံးလာတဲ့ နည်းလမ်းအတိုင်း ကျေးရွာလူထုကို ကြိုတင်သတိပေးပြီး တိုက်ပွဲတွေနဲ့ နေပြည်တော်က အမိန့်ပေးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဝေးရာ တောတောင်တွေထဲမှာ တိမ်းရှောင်နိုင်အောင် ကူညီပေးပါတယ်။

မြန်မာစစ်တပ်ရဲ့ ဆက်တိုက် စစ်ရေးရှုံးနိမ့်မှုတွေကြောင့် ရွာသားတွေဟာ စစ်တပ်ရဲ့ လက်စားချေတိုက်ခိုက်မှုတွေကို အရင်ကလောက် မကြောက်ကြတော့ပါဘူး။ ဒါပေမဲ့ သူတို့ တကယ်ကြောက်နေရတာကတော့ အကာအကွယ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ခွဲခြားမှုမရှိတဲ့ ပရမ်းပတာ လေကြောင်းတိုက်ခိုက်မှုတွေပါပဲ။

သေ့ဘောဘိုးလို ရှေ့တန်းစစ်မျက်နှာပြင်နဲ့ အတော်လေးဝေးတဲ့ ကွေးလယ်ရှုနဲ့ တော်အို့ထ ကျေးရွာက ဒေသခံတွေကတော့ သူတို့ခေါင်းပေါ်မှာ ပုံမှန်ဝဲပျံနေတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊Y-12 လေယာဉ်တွေရဲ့ အသံတွေဟာ အမြဲတမ်းလိုလိုခြိမ်းခြောက်မှုတခု ဖြစ်နေတယ်လို့ ပြောပါတယ်။

ကွေးလယ်ရှုရွာက ပြောင်းစိုက်တောင်သူ ကိုကျော်လှဟဲက "လေယာဉ်မှူးတွေက သူတို့ဘာလုပ်နေလဲဆိုတာကို သိသိကြီးနဲ့ လုပ်နေတာပါ။ ရွာတွေကို တမင်သက်သက် ဗုံးကြဲတာ" လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ဖုတ်ဖရခရိုင်ရဲ့ တဖက်ကမ်းမှာရှိတဲ့ သေ့ဘောဘိုးဟာ  နှစ်နိုင်ငံကို ခြားထားတဲ့ သောင်ရင်းမြစ်ပေါ်မှာ တည်ရှိပါတယ်။ ကွေးလယ်ရှုရွာကို သွားဖို့ဆိုရင် ဒေါနတောင်တန်းကို ကားနဲ့ ခက်ခက်ခဲခဲ ဖြတ်ရပြီး ရေမကြီးမှပဲ မဲခလေးမြစ်ကို ဖြတ်ကူးလို့ရပါတယ်။

မေလ ၂၉ ရက်က သူတို့ရွာပေါ်ကို ဗုံးအလုံး ၁၀ လုံးလောက် ကြဲချခဲ့တယ်လို့ ဒေသခံတွေက အတည်ပြု ပြောပါတယ်။ အဲဒီအထဲမှာ အစုလိုက်ကြဲချတဲ့ ပဒေသာဗုံး (cluster bombs) တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့ဟာ ထိုင်းနိုင်ငံရဲ့ မြစ်ကမ်းစပ်နယ်စပ်အနီးက ဘေးလွတ်ရာနေရာတွေမှာ စုရုံးခိုလှုံနေကြရပါတယ်။

အသက် ၁၅ နှစ်အရွယ် ကလူးထူးက "ဗုံးက သစ်ပင်ထိပ်ကို ထိသွားတာ။ ကျနော်တို့ ပြေးနေတုန်းမှာပဲ ကျန်ောလဲကျသွားတယ်။ အစကတော့ ဘာမှမဖြစ်ဘူးထင်တာ‌ ပေါ့။ သူငယ်ချင်းတွေက ကျနော့်ဒဏ်ရာကို မကြည့်ရဲကြဘူး၊ သွေးတွေ အရမ်းထွက်နေလို့လေ။ ဒဏ်ရာ အရမ်းပြင်းထန်မှာကို ကြောက်နေခဲ့တာ။ ဆရာဝန်ကတော့ ကံကောင်းတယ်လို့ ပြောတယ်။ ဗုံးစတွေက အရိုးနဲ့ သွေးလွှတ်ကြောတွေကို ထိမသွားဘူး" လို့ ပြောပါတယ်။ "အခုတော့ နာတယ်ဗျ။"

ဒဏ်ရာကြောင့် နာကျင်နေတဲ့ ကလူးထူးလေးဟာ သူ့ရဲ့ ပတ်တီးစည်းထားတဲ့ ခြေထောက်ကို အသာအယာလေး လှုပ်ရှားပြီး ထိုင်ဖို့ ကြိုးစားနေပါတယ်။ သူနဲ့ သူ့သူငယ်ချင်းတွေဟာ ရွာထဲမှာ ဗုံးတွေကြဲချခံရချိန်က မုန့်စားနေခဲ့ကြတာပါ။ "ကျနော်တို့ ၄ ယောက်ပဲ ရှိတာ။ လေယာဉ်သံကြားတော့ ပုန်းဖို့ ပြေးကြတယ်။ ဒါပေမဲ့ ဗုံးက ပေါက်သွားတာပဲ" လို့ သူက ထပ်ပြောပါတယ်။

ကျောင်းသားအဆောင်ဟာ မုန့်ဆိုင်နဲ့ မီတာ ၃၀ လောက်ပဲ ဝေးပြီး ပေါက်ကွဲမှုကြောင့် အဆောင်ရော သစ်ပင်ကြီးပါ ပျက်စီးသွားခဲ့ပါတယ်။ ကျောင်းသား ၄ ယောက်ထဲက ၄ ယောက်မှာ ဗုံးစထိမှန်ခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာနဲ့ နာရီပေါင်းများစွာ ဝေးကွာနေပေမဲ့ သေ့ဘောဘိုးစခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်တုန်းက လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေဟာ သူတို့ခေါင်းတွေပေါ် ပျံဝဲနေခဲ့တယ်လို့ ရွာသားတွေက ထောက်ပြပြောဆိုပါတယ်။

မုတ်သုံမိုးက သတ္ထုအမိုးပေါ်ကို သည်းထန်စွာ ရွာချလိုက်တော့ စကားသံတွေ တိတ်ဆိတ်သွားပါတယ်။ ဒဏ်ရာရထားတဲ့ ကောင်လေး ၃ ယောက်ဟာ ပတ်တီးတွေနဲ့အတူ ဆရာဝန်စစ်ဆေးတာကို ထိုင်စောင့်နေကြပါတယ်။ "ပေါက်ကွဲသံ အကျယ်ကြီး လေးကြိမ် လောက်ကြားလိုက်ရတယ်။ နောက်ထပ် ဗုံးခြောက်လုံးလောက်ကတော့ မပေါက်ကွဲဘူးလို့ ထင်တယ်" လို့ ပြောင်းဖူးတောင်သူ ကိုကျော်လှဟဲက ပြောပါတယ်။

ကျေးရွာက ဆရာတယောက်ဖြစ်တဲ့ စောခူဂေးလည်း ဗုံးကြဲမှုကနေ ထွက်ပြေးရင်း ဗုံးစထိမှန်ခဲ့ပါတယ်။ "အစုလိုက်ကြဲတဲ့ဗုံးက ၉ လုံး ပေါက်ကွဲတာ။  ၂ လုံးက ရွာသားတွေရဲ့ အိမ်ကို ထိတယ်။ တလုံးက ကျောင်း၊ တလုံးက ဆိုင်၊ တလုံးက မိန်းကလေးအဆောင်နဲ့ နောက်တလုံးက ယောကျ်ားလေးအဆောင်ကို ထိမှန်ခဲ့တယ်။ ဘယ်လောက်တောင် အားငယ်ရလဲဆိုတာကို ပြောပြဖို့ စကားလုံးတောင် ရှာမရဘူး။ စိုးရိမ်တယ်၊ ကြောက်တယ်၊ စိတ်ပူတယ်။ ကလေးတွေအတွက် စိတ်ပူပေမယ့် ကိုယ်တိုင်လည်း ထွက်ပြေးခဲ့ရတာပဲ။"

တိုက်လေယာဉ်တွေက ရွာသားတွေကို ထိတ်လန့်အောင် လုပ်ခဲ့ပေမဲ့ စောခူဂေးဟာ တခြားရွာသားတွေလိုပဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်ရေးအပေါ် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောပါတယ်။

"ကျနာ်တို့ရဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာကို ကျနော်တို့ သိတယ်။ ဘာကြောင့် တိုက်နေလဲဆိုတာကိုလည်း သိတယ်။ ကျနော်တို့က ဆရာ၊ ဆရာမတွေပါ။ ကျနော်တို့ အားလုံးဟာ ကျောင်းသားတွေနဲ့ ပြည်သူလူထုရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတာကို သိပါတယ်။"

လက်နက်ကိုင် ပဋိပက္ခတည်နေရာနဲ့ အဖြစ်အပျက် အချက်အလက် စီမံကိန်း (ACLED)ရဲ့ အစီရင်ခံစာအရ "စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအဖွဲ့တွေကို အရေးနိမ့်ပြီး မြေပြင်မှာလက်လွှတ်ဆုံးရှံးလာရတာနဲ့အမျှ လူထုကို ပစ်မှတ်ထားလာပါတယ်။ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလိုမျိုး အဝေးထိန်းအကြမ်းဖက်မှုတွေကို ပိုမိုအသုံးပြုလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၅၃ ကြိမ်ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာတော့ ၇၇၆ ကြိမ်အထိ ၃ ဆကျော် တိုးလာခဲ့ပါတယ်။ ဒါဟာ တရက်ကို ၂ ကြိမ်ထက်မနည်း တိုက်ခိုက်နေတယ် ဆိုတဲ့သဘောပါပဲ။"

ဗြိတိန်အခြေစိုက် Action on Armed Violence (AOAV) အဖွဲ့ကလည်း မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးပွားလာနေတာကို အတည်ပြုပါတယ်။ "၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာလုပ်ဆောင်ခဲ့ပါတယ်။ ဥပမာအားဖြင့်၊ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုအရေအတွက်ဟာ ၈ ကြိမ်ကနေ ၂၁၃ ကြိမ်အထိ ၂,၅၆၃ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုဟာလည်း အဲဒီကာလအတွင်းမှာပဲ ၆၂  ယောက် ကနေ ၂,၀၁၂ ယောက် အထိ ၃,၁၄၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်" လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပညာရေးကို တိုက်ခိုက်မှုများမှ ကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (GCPEA) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ကနေ ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်အထိ စစ်တပ်ဟာ စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ပဇီကြီးရွာမှာ ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး Al Jazeera သတင်းထောက်တယောက်ရဲ့ မေးမြန်းမှုကို စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက "တိုက်ခိုက်မှုတွေမှာ ဘေးထွက် ထိခိုက်ပျက်စီးမှုဆိုတာ ရှောင်လွှဲလို့မရပါဘူး၊ ဘေးထွက်ထိခိုက်မှုတွေကဖြစ်တတ်ပါတယ်"လို့ မျက်နှာပြောင်တိုက် ဖြေကြားခဲ့ဖူးပါတယ်။ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုမှာ လူပေါင်း ၁၅၅ ယောက်ကျော် သေဆုံးခဲ့ပြီး အများစုဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပဇီကြီးရွာဟာ နေပြည်တော်ရဲ့ မြောက်ဘက် ၂၆၇ မိုင် (၄၂၉ ကီလိုမီတာ) အကွာမှာတည်ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ "၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်တဲ့ ၄ နှစ်ကျော်အတွင်း သေဆုံးမှုအများဆုံး တိုက်ခိုက်မှုတခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း" မှတ်ချက်ပြုခဲ့ပါတယ်။

"အရပ်သားတွေဟာ ဒီတိုက်ခိုက်မှုတွေမှာ မတ်ောတဆ ထိခိုက်မိတဲ့ သွယ်ဝိုက်တဲ့ သားကောင်တွေတင် မဟုတ်ပါဘူး။ အရပ်သားတွေဟာ မကြာခဏဆိုသလို စစ်တပ်ရဲ့ ပစ်မှတ် ဖြစ်နေပုံရပါတယ်။ စာသင်ကျောင်းတွေ၊ နေအိမ်တွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဖျော်ဖြေပွဲတွေလို လူစုလူဝေးနေရာတွေဟာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံ ပစ်မှတ်တွေဖြစ်ခဲ့ရပါတယ်" လို့ IIMM ရဲ့ အကြီးအကဲက ပြောပါတယ်။

ထိုင်းနဲ့ မြန်မာကို ခြားထားတဲ့ မြစ်တဘက်ကမ်းမှာတော့ ဒီလအစောပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ မိသားစုတွေအတွက် ယိုင်နဲ့နဲ့ တဲအိမ် ၂၈ လုံးကို တည်ဆောက်ပေးထားပါတယ်။

အသက် ၄၉ နှစ်အရွယ် နော်နော်ဆဲခူပေါဟာ သူ့ရွာဖြစ်တဲ့ ကနဲလေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးတဲ့နောက် နယ်စပ်မှာရှိတဲ့ ဒီဘေးလွတ်ရာနေရာကို ပြောင်းရွှေ့လာခဲ့ရတာပါ။

နော်နော်ဆဲခူပေါက "စစ်ကောင်စီဟာ ကျမတို့ရဲ့ စာသင်ကျောင်းတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စိုက်ခင်းတွေနဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုကို လုယူသွားပါတယ်။ ကျမတို့ရဲ့ အနာဂတ်ကလည်း ရပ်တန့်သွားပါတယ်။ ကျမတို့ ဆန်လိုတယ်။ ဆန်က ကျမတို့ရဲ့ အဓိက အစားအစာပဲ။ စစ်ကောင်စီကသာ ကျမတို့ကို မတိုက်ခိုက်ဘူးဆိုရင် ကျမတို့ရဲ့ လယ်ယာစိုက်ခင်းတွေကို ကောင်းကောင်းလုပ်ကိုင်နိုင်မှာပါ" လို့ ပြောပါတယ်။

သူတို့စားဖို့အတွက် လုံလုံလောက်လောက် မရှိပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရှိတာလေးကို ဝေမျှစားသောက်ရတာ ဝမ်းသာတဲ့အကြောင်း သူကထပ်ပြောပါတယ်။ "စစ်သားတွေက ရှေ့တန်းမှာ ချက်ပြုတ်စားသောက်လို့ မရဘူးလေ။ ကျမတို့ ဝေမျှရတာကို ဝမ်းသာပါတယ်။"

ကွေးလယ်ရှုရွာက ပြောင်းဖူးတောင်သူ ကိုကျော်လှဟဲကတော့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်လူရွယ်တွေကို သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျေးဇူးတင်စကား ဆိုပါတယ်။

"ကျနော်က ကရင်လူငယ်စစ်သည်တွေအတွက် ဂုဏ်ယူပါတယ်။ ကရင်တွေတင်မကဘဲ အာဏာရူးစစ်‌ ကောင်စီကို တော်လှန်နေတဲ့ PDF အားလုံးအတွက် ဂုဏ်ယူပါတယ်။ စစ်ကောင်စီရဲ့ စခန်းတခုကို သိမ်းလိုက်ပြီလို့ ကြားရင် ကျနော်တို့ အရမ်းပျော်ကြတယ်။ အဘွားကြီးတွေတောင် ထကကြတဲ့အထိကိုပျော်ကြတာ။ ဒါပေမဲ့ ကျနော်တို့ နောက်တခါ ပြေးရဦးမယ်ဆိုတာကိုလည်း သိပါတယ်။ ဘာလို့လဲဆိုတော့ လေယာဉ်တွေ လာဦးမှာမို့လို့ပါပဲ။"

ကွေးလယ်ရှုရွာက ဒဏ်ရာရသူတွေနဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ တခြားရွာသားများစွာကို ကုသပေးခဲ့တဲ့ KNLA Cobra Column ရှေ့တန်းဆေးကုသရေးအဖွဲ့ကို ဦးဆောင်နေသူ ဒေါက်တာဒရစ်က ရှင်းပြပါတယ်။

"သက်သေတွေက ထင်ရှားပါတယ်။ ရွာတွေ၊ ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေကို အဆက်မပြတ် ဗုံးကြဲနေတာပဲ။ မေလတလတည်းမှာတင် ကျနော်တို့ဆီမှာ ထိခိုက်ဒဏ်ရာရသူ ၄၂ ယောက်ရှိခဲ့တယ်။ ၇ ယောက်သေပြီး ၃၅ ယောက် ဒဏ်ရာရတယ်။ အများစုက Y-12၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဒရုန်းတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကလာတဲ့ ဗုံးစတွေကြောင့်ဖြစ်ပါတယ်။ အဲဒီထဲက ၇ ယောက်က ရွာသားတွေ ဖြစ်ပါတယ်။"

သူနဲ့ သူ့အဖွဲ့ဟာ Hippocratic oath (ဆရာဝန်များ လိုက်နာရန် ကျင့်ဝတ်နှင့် ကျမ်းကျိန်လွှာ) ကို  လိုက်နာပြီး အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ဒါကို ရှေ့တန်းက သူ့ရဲ့ လုပ်ဆောင်ချက်တွေက သက်သေပြနေပါတယ်။ သူ့အဖွဲ့က ဆေးမှူးတွေဟာ ဒဏ်ရာရသူတွေကို ရွာသား၊ တော်လှန်ရေးတပ်သား၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမခွဲခြားဘဲ ကုသပေးပါတယ်။

"ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ စိတ်ဓာတ်ခွန်အားကို ရှင်းပြရမယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စီစဉ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ ဘယ်လောက်အောင်မြင်လဲဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်" လို့ ဒေါက်တာဒရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ နေပြည်တော်က စစ်ကောင်စီကို ဖြုတ်ချပြီး ကရင်တို့ရဲ့ "ကော်သူးလေ" ကို ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ဒီစစ်ဆင်ရေးတွေကို ဧပြီလ ၁၄ ရက်နေ့က စတင်ခဲ့တာပဲ။ ကျနော်တို့ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေထဲမှာ PDF နဲ့ မွန်ပြည်သစ်တပ်မတော် (MLA) တို့လည်း ပါဝင်ပါတယ်။ အခု ကျနော်တို့က နယ်စပ်က စစ်ကောင်စီစခန်းအားလုံးကို ရှင်းလင်းသွားဖို့ရှိပါတယ်" လို့ ဆိုပါတယ်။

ပဒိုစောတောနီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ ဆယ်စုနှစ်နဲ့ချီတဲ့ အတွေ့အကြုံတွေရှိနေပြီဖြစ်ပြီး သူတို့ရဲ့ နိုင်ငံရေးနဲ့ လက်နက်ကိုင်တိုက်ပွဲကို မတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကောင်းကောင်းနားလည် သဘောပေါက်ထားတယ်လို့ ထပ်ပြောပါတယ်။

 ပဒိုစောတောနီးက  "အခုချိန်မှာ ကျနော်တို့အားလုံး သတိရှိနေကြပါပြီ။ စစ်တပ်ရဲ့သွေးခွဲမှုတွေဟာ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်လောက်တောင် ပျက်စီးစေနိုင်သလဲဆိုတာကို သင်ခန်းစာယူခဲ့ပြီးပါပြီ။ ၂၀၂၁ အာဏာမသိမ်းခင်တုန်းကတော့ အခုလို ရှင်းပြဖို့က ခက်တာပေါ့။ ဘာသာရေးကွဲပြားမှုတွေကို အသုံးချတာ၊ တိုင်းရင်းသားအချင်းချင်းကြားတင်းမာမှုတွေကို မီးမွှေးပေးတာ၊ ဆုပေး လာဘ်ပေးလုပ်တာ အကုန်စုံလို့ပေါ့။ ဒါပေမဲ့ အခုတော့ အာဏာရှင်စနစ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ ပြည်သူတွေက သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို သိမြင်နေရပြီလေ။ အဲ့ဒီ စစ်အာဏာရှင်တွေဟာ ကင်ဆာလိုပဲ၊ ကျနော်တို့ အပြီးတိုင် ဖယ်ရှားပစ်မှရမှာ" လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ (IDPs) အရေအတွက်ဟာ ၃ သန်းခွဲ ကျော် ရှိနေပြီလို့ သိရပါတယ်။

"အခု ကရင်ပြည်နယ်တခုတည်းမှာတောင် နေရပ်စွန့်ခွာသူ တသန်းကျော် ရှိနေပြီ။ အစားအသောက်၊ နေစရာမလုံလောက်ဘူး။ ပညာရေး၊ ကျန်းမာရေးကလည်း အလားတူပဲဖြစ်နေတယ်။ ဒါက ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတခုပဲ။ ဒီထက်မကလည်း ပိုဆိုးလာနိုင်ခြေရှိတယ်။ အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်" လို့ ပဒိုစောတောနီးက ပြောကြားခဲ့ပါတယ်။

ဖီးလ်သော်တန်

(DVB English ဝက်ဆိုက်တွင် ဝါရင့်သတင်းစာဆရာ  Phil Thornton ရေးသားထားသည့် “ Resistance forces secure lucrative trade routes in Karen State”  သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ Phil Thornton သည် မြန်မာပြည်အကြောင်း နှစ်ပေါင်း ၂၀ ကျော်ကြာ သတင်းရေးသားခဲ့သော သတင်းထောက်ဖြစ်ပြီး "Restless Souls: Rebels, Refugees, Medics, and Misfits on the Thai-Burma Border" စာအုပ်ကို ရေးသားသူဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024