DVB Logo
Home
မြန်မာသတင်း
ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ကရင်ပြည်နယ် ခရီးသွားလုပ်ငန်း ထိခိုက်လာနိုင်
DVB
·
September 12, 2026
ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ကရင်ပြည်နယ် ခရီးသွားလုပ်ငန်း ထိခိုက်လာနိုင်
1 / 7
Photo: Tourism -Hpa An
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်မှုထမ်း တပ်သားသစ်ပြည့်မီရေး ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ခရီးသွားဧည့်သည်တွေ လုံခြုံမှုမရှိတော့တဲ့အတွက် ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကိုပါ ထိခိုက် လာနိုင်တယ်လို့ မြို့ခံတွေနဲ့ ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းအပတ်စဉ်လိုက် လူဦးရေပြည့်မီရေး လူစုဆောင်းဖို့ ထွေအုပ်က တဆင့် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဘားအံမြို့ မှာ လူစုဆောင်းတာတွေ ပိုမိုလုပ်ဆောင်လာပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု များအောင် ကြိုးစားလုပ်ဆောင်နေသလို ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်မဲ့ ခရီးစဉ်သစ်တွေကိုပါ ရေးဆွဲပြီး လုပ်ဆောင်နေပါတယ်။ တဖက်မှာလည်း စစ်မှုထမ်း တပ်သားသစ်ပြည့်မီရေး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင် နေပါတယ်။

ဘားအံမြို့မိမြို့ဖတယောက်က “စစ်မှုထမ်းကိစ္စက ကားပေါ်ကနေ ဆွဲချတယ်။ ဘားအံ-ရန်ကုန် သွားတဲ့ လမ်း၊ ဘားအံ-မြဝတီ သွားတဲ့လမ်းလည်း စိတ်မချရဘူး။ မထင်ရင် မထင်သလိုပေါ့။ ဆွဲချတာတွေ ရှိတယ်။ တခြားနေရာကနေ ဘားအံကို အလည်လာတာတွေ ရှိတယ်။ အလည်လာတဲ့ လူတွေက အဲဒီသတင်းကြောင့် နည်းနည်းပါးသွားတာပေါ့။ ခရီးသွား ပါးသွားတာပေါ့။ ဒါပေမဲ့ ခက်တာက ပစ်မှတ်က လူငယ် လူလတ်ပိုင်းတွေ။ မထင်ရင် မထင်သလိုပေါ့။ ဘယ်လိုပြောမလဲ စည်းမရှိဘူး။ စိုးရိမ်ရတဲ့အနေအထား ရှိတယ်။ အဓိက လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေပေါ့။ မထင်ရင် မထင်သလို ဆွဲသွားတာပေါ့။ ခရီးသွားတွေက အာမခံချက်မရှိဘူး။ ဘုရားဖူးပဲလာလာ၊ စီးပွားရေး အလို့ငှာ ခရီးထွက်တာပဲ ဖြစ်ဖြစ်၊ မဖြစ်မနေ ခရီးထွက်တာပဲဖြစ်ဖြစ် ကြာရင် အာမခံချက် မရှိဘူး။ (ခရီးသွားလုပ်ငန်းကို) ထိခိုက်နိုင်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ကို ၂၀၂၂ ခုနှစ်အတွက် အာဆီယံ ခရီးသွားလုပ်ငန်းဆု ၁၁ ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအများပြည်သူသုံး သန့်စင်ခန်းများစံနှုန်းဆု တဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံ အစိမ်းရောင်ဟိုတယ်များစံနှုန်းဆု တဆု၊ ၂၀၂၅ ခုနှစ်အတွက် ၆ ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုနဲ့ ၂၀၂၆ ခုနှစ်အတွက် ပဥ္စမ အကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်ဆုတွေကို ရရှိထားပါတယ်။

ဘားအံမြို့မှာ စစ်မှုထမ်းတပ်သားသစ်အတွက် ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေကြောင့် ခရီးသွား ဧည့်သည် ဝင်ရောက်တာ တော်တော်နည်းသွားတယ်လို့ ခရီးသွားလုပ်ငန်း စောင့်ကြည့် လေ့လာသူ တွေက ပြောပါတယ်။

ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာသူတယောက်က “ကရင်ပြည်နယ်ကို လာပြီးတော့မှ ခရီးသွားလာဖို့အတွက် လူတွေက တော်တော်လေး စဉ်းစားရဦးမယ်ဆိုတဲ့ အခြေအနေမှာ ရှိတယ်။ ခရီးသွားလုပ်ငန်းကို ထိခိုက်တာပေါ့။ လူတွေက သူတို့သွားမဲ့နေရာက လုံခြုံစိတ်ချရမှုရှိရဲ့လား ဆိုတဲ့အပေါ်မှာ တွေးပြီးသွားမှာလေ။ လုံခြုံစိတ်ချရမှု မရှိဘူးဆိုရင် ဘယ်သူက သွားမှာလဲပေါ့။ ဘယ်သူမှ မသွားရဲဘူးလေ။ ခရီးဝေးကလူဆို ပိုဆိုးတယ်။ ဒေသခံတောင် ဖမ်းတယ်ဆိုလို့ရှိရင် ဒေသခံမဟုတ်တဲ့ အခြားနယ်ကလာမဲ့သူတွေဆိုရင် ပိုပြီးတော့တောင်မှ စိုးရိမ်ဖို့ကောင်းပါတယ်လို့ ကျနော်တို့က ပြောချင်တယ်။ ရှင်းရှင်းပြောရင် အခုလက်ရှိက ခရီးသွားဝင်ရောက်လာတဲ့ အနေအထားက တော်တော်ကို နည်းသွားပြီ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်က ပြည်တွင်းခရီးသွား ၄၆၀,၀၀၀ ကျော်နဲ့ ပြည်ပခရီးသွား ၃၀၀ နီးပါး၊ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းခရီးသွား ၇ သိန်းနီးပါးနဲ့ ပြည်ပခရီးသွား ၄၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။

ဒါကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှု ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းခရီးသွား ၄၉ ရာခိုင်နှုန်းနဲ့ ပြည်ပခရီးသွား ၄၈ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ၁/၂၀၂၆ ကြိမ်မြောက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကနေ သိရပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013