DVB Logo
Home
မြန်မာသတင်း
နော်ဝေ အမှတ်တံဆိပ် Bergans နှင့် ခရီးသွားအသင်း မြန်မာနှင့် စီးပွားရေးဆက်နွှယ်မှု ရပ်ဆိုင်း
အောင်ကျော်
·
November 2, 2026
Photo: Bargans အရောင်းဝက်ဆိုဒ် / Myanmar- CRPH Support Group Norway 
Photo: Bargans အရောင်းဝက်ဆိုဒ် / Myanmar- CRPH Support Group Norway 
Donate to DVB

နော်ဝေအခြေစိုက် အဝတ်အထည် ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Bergans ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်သလို၊ နော်ဝေ ခရီးသွားလာရေးအသင်းကလည်း မြန်မာနိုင်ငံထုတ် ပစ္စည်းကုန်မှာယူမှုတွေကို ရပ်တန့်လိုက်ပြီလို့ နော်ဝေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (LO) က ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်က အော်စလိုမြို့ရှိ LO ရုံးမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအတွင်း LO နိုင်ငံတကာဌာနမှ အကြံပေးအရာရှိ မဂ္ဂနုစ်ဟိုလ်ဖို့ဒ်က အခုလို အသိပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံ စက်မှုအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ မခိုင်ဇာအောင်၊ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နဲ့ Myanmar Support Group – Norway ရဲ့ အထွေထွေအတွင်းရေးမှူး မဝတ်မှုန်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပုဒ်မ ၃၃ ကို လက်တွေ့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာစစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းစေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်စေရေးနဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေပိုမို သိရှိစေဖို့ သတင်းအချက်အလက် မျှဝေရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

Myanmar Support Group – Norway ရဲ့ အထွေထွေ အတွင်းရေးမှူး မဝတ်မှုန်ကလည်း Bergans ကုမ္ပဏီရဲ့ ထွက်ခွာမှုနဲ့ ခရီးသွားအသင်းရဲ့ ဆုံးဖြတ်ချက်တွေဟာ တိုက်တွန်း ဖိအားပေးမှုတွေကြောင့် လက်တွေ့ ပေါ်ပေါက်လာတဲ့ အပြုသဘောဆောင် ခြေလှမ်းတွေ ဖြစ်ပြီး၊ စစ်အုပ်စုကို အကျိုးဖြစ်ထွန်းစေတဲ့ စီးပွားရေး ဆက်နွှယ်မှုတွေ ရပ်တန့်သွားစေရေးအတွက် နော်ဝေ အစိုးရထံ တိုက်ရိုက်တောင်းဆိုဖို့ CTUM၊ LO တို့နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း Telenor telecom ကုမ္ပဏီ အပါအဝင် နော်ဝေနိုင်ငံ အခြေစိုက် စီးပွားရေးလုပ်ငန်းကြီးတွေဟာ လူ့အခွင့်အရေးဆိုင်ရာ ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံကနေ အသီးသီး ထွက်ခွာခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013