
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ယုံကြည်စိတ်ချရတဲ့ လူ့အခွင့်အရေးဆိုင်ရာ စိစစ်အကဲဖြတ်မှုတွေ မပြုလုပ်နိုင်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ နော်ဝေရင်းနှီးမြှုပ်နှံမှု အားလုံးနဲ့ မြန်မာနိုင်ငံကနေ ကုန်ပစ္စည်း တင်သွင်းနေမှုတွေကို ရပ်ဆိုင်းဖို့ နော်ဝေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (LO) က ထပ်မံ တောင်းဆိုပါတယ်။
အော်စလိုမြို့၊ ဖိုးလ်ခက်စ်ယောနာမှာ အောက်တိုဘာ ၂၉ ရက်က LO က စီစဉ်ကျင်းပခဲ့တဲ့ “သမဂ္ဂလုပ်ငန်းဆောင်ရွက်တာဟာ ရာဇဝတ်မှုဖြစ်လာတဲ့အခါ-ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံက အသံများ”လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ဗဟိုအဖွဲ့ (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်နဲ့ မြန်မာနိုင်ငံ စက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ မခိုင်ဇာအောင်တို့ ပါဝင်တက်ရောက်ခဲ့ကြသလို ဘယ်လာရုစ်နိုင်ငံနဲ့ နော်ဝေနိုင်ငံတို့မှ ILO ကော်မတီ၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (YS) နဲ့ အလုပ်ရှင်အဖွဲ့ချုပ် (NHO) တို့မှ ကိုယ်စားလှယ်တွေလည်း ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲမှာ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပုဒ်မ ၃၃ ကို လက်တွေ့ အကောင်အထည်ဖော်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
နော်ဝေ ILO ကော်မတီဥက္ကဋ္ဌ တာညာ မာရီစာမူအယ်လ်ဆန်က ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်ဟာ အလိုအလျောက် ပိတ်ဆို့အရေးယူမှုတွေ ဖြစ်ပေါ်စေမှာ မဟုတ်ဘဲ အစိုးရတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ လက်တွေ့ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် မူတည်ပြီး လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို လုပ်ငန်းစဉ်ရဲ့ အဆုံးသတ်အဖြစ် မဟုတ်ဘဲ နောက်ထပ် လုပ်ဆောင်ရမဲ့ အဆင့်သစ်ရဲ့ အစအဖြစ် ရှုမြင်ရမယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ILO ပုဒ်မ ၃၃ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း စောင့်ကြည့်စစ်ဆေးရေး ယန္တရားဆိုင်ရာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ ငွေကြေးလမ်းကြောင်းတွေကို သမဂ္ဂဘက်က စောင့်ကြည့်နေကြောင်း ပြောပါတယ်။
ဒါ့အပြင် ဆီတင်သင်္ဘော ခရီးစဉ်တွေကနေ ပြည်တွင်း ပို့ဆောင်မှုအထိ ရရှိထားတဲ့ အချက်အလက်တွေကို လေကြောင်းတိုက်ခိုက်မှု မှတ်တမ်းတွေနဲ့ ချိတ်ဆက်ပြီး ILO ထံ တင်ပြဖို့ ကြိုးပမ်းနေသလို Cryptocurrency ဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ဆေးနိုင်ဖို့အတွက်လည်း နည်းပညာ အကူအညီတွေ တောင်းခံထားတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်အာဏာရှင်ဟာ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို အကြောင်းပြပြီး နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်နေပေမဲ့ သဘောထားကွဲလွဲသူတွေကိုတော့ ရာဇဝတ်သားနဲ့ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ဖိနှိပ်နေတာကြောင့် လက်တွေ့လုပ်ရပ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ သတိပေးခဲ့ပါတယ်။
IWFM ဥက္ကဋ္ဌ မခိုင်ဇာအောင်ကလည်း ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အနည်းဆုံး လုပ်ခလစာ၊ လစာနဲ့ နားရက်၊ လူမှုဖူလုံရေးနဲ့ အလုပ်ခွင်အတွင်း အမျိုးသမီးတွေအပေါ် နှောင့်ယှက်စော်ကားမှု ကာကွယ်ရေးတို့မှာ တိုးတက်မှုတွေ ရရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကြိုးပမ်းတည်ဆောက်ခဲ့သမျှ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
လက်ရှိမှာ သမဂ္ဂတွေအနေနဲ့ လျှို့ဝှက်လှုပ်ရှားနေရပေမဲ့ လက်မလျှော့ဘဲ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့ အဆိုပါ ဆွေးနွေးပွဲမှာပြောပါတယ်။
နော်ဝေ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (YS) မှ ရောဖ်ဗက်စ်ဗစ်ကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး အပါအဝင် အခြေခံ အလုပ်သမားအခွင့်အရေးတွေကို အာမခံနိုင်ခြင်း မရှိသေးသမျှ ပိတ်ဆို့အရေးယူမှုတွေကို မရုပ်သိမ်းသင့်ဘဲ လိုအပ်ရင် ပိုမိုတင်းကျပ်သင့်တယ်လို့ ထောက်ပြသွားပါတယ်။
အလားတူ နော်ဝေ အလုပ်ရှင်အဖွဲ့ချုပ် (NHO) မှ ခရစ္စတင်း အော့စထရင်အဲလ်စ်ဗစ်ခ် ကလည်း စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေး ထိခိုက်မှုတွေကို စိစစ်ကာကွယ် ဖြေရှင်းဖို့ တာဝန်ရှိပြီး အဖွဲ့ဝင် ကုမ္ပဏီတွေကိုလည်း သက်ဆိုင်ရာ လမ်းညွှန်မှုတွေ ပေးနေတယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ သွေးစည်းညီညွတ်မှုကို ထောက်ခံစကားတွေ ထက်ကျော်လွန်ပြီး ILO ပုဒ်မ ၃၃ အောက်ကနေ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ၊ စီးပွားရေး တာဝန်ယူမှုတွေနဲ့ ဖိနှိပ်ခံ သမဂ္ဂတွေအတွက် လက်တွေ့ အကူအညီတွေအဖြစ် ပြောင်းလဲပေးဖို့ အလေးပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။











