
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဒေသဆိုင်ရာရုံးတွေကနေ အရေးပေါ် အစည်းအဝေး ခေါ်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဆီက သိရပါတယ်။
ILO အလုပ်သမားအစုအဖွဲ့နဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ နိုဝင်ဘာ ၁၄ ရက်က လုပ်တဲ့ အစည်းအဝေးမှာ မြန်မာအလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးက အခုလို အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုခဲ့တာပါ။
အဲဒီအစည်းအဝေးမှာ ဒေါ်ဖြိုးစန္ဒာစိုးက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးအဖြေရှာဖို့ တင်ပြခဲ့ပြီး ILO ဒေသဆိုင်ရာရုံးတွေကလည်း ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အစည်းအဝေးခေါ်ဖို့ လက်ခံလိုက်တာ ဖြစ်ပါတယ်။
အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒေါ်ဖြိုးစန္ဒာစိုးက “ILO ယန္တရား အားကောင်းအောင်၊ ပိုပြီး အသက်ဝင်အောင် အသုံးချသွားဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုလို ရွှေ့ပြောင်းမြန်မာလုပ်သားအရေးကို ILO နဲ့ ဒေသဆိုင်ရာရုံးတွေက စိတ်ဝင်တစား ရှိလာတာဟာ ကောင်းတဲ့အရွေ့တခုဖြစ်တယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတချို့က မှတ်ချက်ပြုပါတယ်။
ဂျပန်ရောက် မြန်မာလုပ်သားတယောက်က “စစ်အုပ်စုရဲ့ မတရား လုပ်ရပ်တွေကို နိုင်ငံတကာ မျက်နှာစာက သိမြင်တာနဲ့တပြိုင်တည်း နောက်ဆက်တွဲ အကျိုးဆက်တွေ ပေါ်ပေါက်လာမယ်၊ စစ်အုပ်စုကို ကောင်းကောင်း ပြန်ဖိအားပေးနိုင်မယ်လို့ မျှော်လင့်ရတယ်” လို့ ပြောပါတယ်။
ဒေါ်ဖြိုးစန္ဒာစိုး မြန်မာကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ ILO အလုပ်သမားအစုအဖွဲ့မှ အာရှ-ပစိဖိတ်ဒေသနှင့် အာရပ်နိုင်ငံများဒေသတို့က ကိုယ်စားလှယ်တွေ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံး (ROAP) နှင့် အာရပ်နိုင်ငံများဒေသဆိုင်ရာရုံး (ROAS) တို့ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတွေ၊ အလုပ်သမားရေးရာ လှုပ်ရှားမှုဆိုင်ရာဗျူရို (ACTRAV) တို့ ပါဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလို့ CTUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးမှာ အရှေ့အလယ်ပိုင်းဒေသ၊ အာရှနှင့် ပစိဖိတ်ဒေသတို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မြန်မာစစ်တပ်ဘက်က အလုပ်သမားတွေကို မိသားစုဆီ တရားဝင်ငွေလွှဲပို့ဖို့ ဖိအားပေးနေတာ၊ ပြည်ပအလုပ်အကိုင်နဲ့ ပတ်သက်ပြီး အလုပ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို ဒေါ်ဖြိုးစန္ဒာစိုးက တင်ပြဆွေးနွေးခဲ့တာလို့ သူ့ရဲ့မိခင် အလုပ်သမားအဖွဲ့ချုပ်ဖြစ်တဲ့ CTUM က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။











