
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် နိုင်ငံတကာ ကုန်စည်တင်သွင်းမှုပြပွဲ (CIIE) မှာ ပါဝင်ပြသနေတဲ့ နော်ဝေ လုပ်ငန်းရှင်တွေဟာ သဘာဝရေပြင်ကနေ ဖမ်းဆီးရရှိတဲ့ ပင်လယ်စာတွေ တင်ပို့ရောင်းချရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်သစ်တခု ရခဲ့ကြပါတယ်။
အဲဒီနောက် တရုတ်ဈေးကွက်အတွင်း သူတို့ရဲ့ ဈေးကွက်ဝေစုကို ပိုချဲ့ထွင်ဖို့ မျှော်မှန်းထားကြပါတယ်။
နော်ဝေနိုင်ငံထုတ် ပင်လယ်စာတွေဟာ အရသာကြွယ်ဝပြီး အရည်အသွေးမြင့်လို့ လူကြိုက်များပါတယ်။
တရုတ်နိုင်ငံမှာ နော်ဝေပင်လယ်စာတွေအတွက် ဝယ်လိုအား ဆက်မြင့်တက်နေချိန်မှာ CIIE ပြပွဲဟာ နော်ဝေပင်လယ်စာတွေကို တရုတ်ပြည်သူတွေရဲ့ စားပွဲဝိုင်းတွေဆီ ပိုရောက်လာစေဖို့ အထောက်အကူပြုမဲ့ အရေးပါတဲ့ အခွင့်အလမ်းတခု ဖြစ်တယ်လို့ နော်ဝေ ပင်လယ်စာကောင်စီရဲ့ အမှုဆောင်အရာရှိချုပ် ခရစ်ရှန် ခရာမာက ပြောပါတယ်။
“အာရှဒေသမှာ တရုတ်နိုင်ငံဟာ ကျနော်တို့ရဲ့ နံပါတ် ၁ ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါတယ်။ ပင်လယ်စာကဏ္ဍမှာ ဆိုရင်လည်း တရုတ်နိုင်ငံဟာ နော်ဝေပင်လယ်စာတွေကို တင်သွင်းတဲ့ ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်လာပြီ” လို့ ခရာမာက ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နဲ့ နော်ဝေနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ နော်ဝေနိုင်ငံက သဘာဝပင်လယ်စာတွေ တရုတ်နိုင်ငံဆီ တင်ပို့နိုင်ရေး အတွက် မူဘောင်တခုကို ချမှတ်ပေးထားတာလို့ နော်ဝေနိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနရဲ့ လက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်တဲ့ နော်ဝေ ပင်လယ်စာကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ငါးတွေအပြင် ငါးကြီးဆီလို အာဟာရ ဖြည့်စွက်ထုတ်ကုန်တွေဟာလည်း နော်ဝေနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍမှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကုန်ပစ္စည်းအမျိုးအစားတခုပါ။
နော်ဝေနိုင်ငံက နာမည်ရပြီးသား အမှတ်တံဆိပ်အများအပြားဟာ တရုတ်ဈေးကွက်ထဲကို ဝင်ရာမှာ (တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ) CIIE ကို တံခါးပေါက်တခုအဖြစ် သုံးနေကြပါတယ်။
Source: Reuters











