
လှည်းကူးမြို့နယ် မြို့မ (၈/၁) ရပ်ကွက်မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီး ရိုက်ခဲ့တဲ့ ရာအိမ်မှူး ဦးသာဉာဏ် နဲ့ မိသားစုဝင် ၃ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“အဲ့ပြဿနာတက်ပြီး လိုင်းပေါ်မှာပြန့်သွားတော့ ရာအိမ်မှူးမိသားစုက ဒေါ်စန်းဌေးကို ပြဿနာထပ်ရှာတာ၊ ရပ်ကွက်လူတွေက မခံနိုင်တဲ့အဆုံး ရာအိမ်မှူးမိသားစုကို ဝိုင်းတိုင်တာ၊ အဲ့ကျမှ စုံခုံစစ်ပြီး အမှုဖွင့်တာ။”
ရာအိမ်မှူး ဦးသာဉာဏ်မှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအလုပ်အမှုဆောင်တဦးဖြစ်ပြီး ဇနီးနဲ့ သားသမီးတွေလည်း ပါတီဝင်တွေဖြစ်ကာ အခင်းဖြစ်တဲ့နေ့က ဒေါ်စန်းဌေးအား စစ်မှုထမ်းကိစွနဲ့ ပါတီဝင်ဖို့ စည်းရုံးရာမှ စကားအချေအတင်ဖြစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“အဓိကဖြစ်တဲ့ ပြဿနာက စစ်မှုထမ်းဖို့ရယ် ပြည်ခိုင်ဖြိုးပါတီဝင်ဖို့ ပြောကြရင်း စကားများတာ။ မဝင်ဘူးပြောတာကို အဖွဲ့အစည်းကို ဆဲတယ်၊ စစ်မှုမထမ်းနိုင်ဘူးပြောတယ်လို့ ရုံးကိုလိမ်ပြောပြီး ခေါ်ရိုက်တာ။ ရာအိမ်မှူးကို တာဝန်ကနားလိုက်ပြီ၊ ရဲစခန်းက အမှုဖွင့်ထားတယ်။”
လတ်တလောမှာ ရာအိမ်မှူး ဦးသာဉာဏ်နဲ့ မိသားစုဝင် ၃ ဦးကို လှည်းကူးမြို့မရဲစခန်းက (ပ) အမှတ် ၁၁၇/၂၀၂၅ ပုဒ်မ ၃၅၄/၃၂၅/၂၉၄/၅၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
လှည်းကူးမြို့နယ်မှာ အမှတ် ၁ စစ်အခြေခံလေကျင့်ရေးတပ်ရှိတာကြောင့် မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်ကွက်အာဏာပိုင်တွေပေါင်းပြီး အပတ်စဥ်တိုင်းလိုလို စစ်မှုထမ်းဦးရေ ပိုမိုခေါ်ယူနေတဲ့အတွက် တိုင်ကြားခံရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။