
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာရှိတဲ့ စားကျက်မြေ ဧက ၁,၉၀၀ ကျော်အနက် ဧက ၁,၆၀၀ နီးပါးပေါ်မှာ တည်ရှိနေတဲ့ ကျေးရွာတွေကို ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ စစ်အာဏာရှင်ခန့် တိုင်းမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက အောက်တိုဘာ ၁၉ ရက်မှာ ပြောပါတယ်။
မနေ့က ပြုလုပ်တဲ့ စစ်အာဏာရှင်ဩဇာခံ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ လှည်းကူးမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက စားကျက်မြေအဖြစ်မှ တရားဝင် ပယ်ဖျက်ပေးပြီး ရွာမြေအဖြစ် သတ်မှတ်ပေးရေးနဲ့ ပတ်သက်လို့ အဆိုတင်သွင်းရာမှာ စစ်အာဏာရှင်ခန့် ဝန်ကြီး ဒေါက်တာထူးမောင်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
လှည်းကူးမြို့နယ်ဟာ လူဦးရေ တိုးပွားလာပြီး မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်အထိ ဖြစ်လာတာကြောင့် စားကျက်မြေ ဧကပေါင်း ၂၀,၆၃၁ ဧကကျော်ကို စားကျက်မြေအဖြစ်မှ ဖယ်ရှားပေးခဲ့ဖူးတာကို တွေ့ရှိရပြီး၊ လက်ရှိ စားကျက်မြေ ဧက ၁,၅၉၇ ဧကပေါ်မှာ နေထိုင်နေကြတဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို ထည့်သွင်းစဉ်းစားပြီး ပယ်ဖျက်ပေးဖို့ အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထွန်းက အဆိုတင်သွင်းခဲ့တာပါ။
ဦးကျော်မင်းထွန်းက “ပြည်သူလူထု အခက်အခဲ၊ ဒုက္ခသုခနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ စားကျက်မြေတွေကို ပယ်ဖျက်ပြီး ရွာမြေအဖြစ် သတ်မှတ်ပေးဖို့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ မည်သို့ ကူညီဆောင်ရွက်ပေးမယ်ဆိုတာ သိချင်ပါတယ်” လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာထူးမောင်က ပြန်လည်ဖြေကြားရာမှာ “လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောတာ မှန်ပါတယ်ခင်ဗျ။ ကျနော်တို့ လက်ရှိအားဖြင့် ထိန်းသိမ်းထားတဲ့ စားကျက်မြေက ၃၃၆ ဧကကျော်ပဲ ရှိပါတယ်။ ကျူးကျော်ထားတဲ့ ဧက ၁,၅၉၇ ဧကကျော်ဟာ ဥပဒေနဲ့ မညီတဲ့အတွက် မြေယာဥပဒေအရသော်လည်းကောင်း၊ အထက် ပြည်ထောင်စုအဆင့် မူဝါဒအရသော်လည်းကောင်း မကိုက်ညီတဲ့အတွက် လက်ရှိမှာ နို့တစ်စာ ပေးပို့ပြီး သတိပေးထားခြင်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး စားကျက်မြေအဖြစ်မှ ထုတ်နှုတ်ပယ်ဖျက်တာဟာ မြေအသုံးပြုမှု မြေယာမူဝါဒတွေ၊ ပြည်ထောင်စုအဆင့် မူဝါဒတွေနဲ့အညီ လိုက်နာဆောင်ရွက်ရတာ ဖြစ်တာကြောင့် အဆိုပါ စားကျက်မြေပေါ်မှာ ကျူးကျော်နေထိုင်နေတဲ့ ကျေးရွာတွေအတွက် စားကျက်မြေကို ပယ်ဖျက်ပြီး ရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌကတဆင့် ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် “လူတဦးဟာ လက်တဖက်၊ ခေါင်းဝင်ပြီးမှ တကိုယ်လုံးဝင်ပြီး မြေယာတွေကို တရားမဝင် ကျူးကျော်မှုတွေ များလာမှာဖြစ်တဲ့အတွက် ကြိုတင်သတိပေး တားမြစ်ရတာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။
စားကျက်မြေတွေကို ရွာမြေဆိုပြီး ရောင်းချစဉ်က ကျေးရွာအုပ်ချုပ်ရေးနဲ့ မြေစာရင်းဌာနတို့ ပါဝင်ခဲ့ပြီး၊ အခုမှ ကျူးကျော်အဖြစ် သတ်မှတ်လိုက်တာဟာ မရှိဆင်းရဲသားတွေအတွက် ပိုပြီး ဒုက္ခရောက်စေတယ်လို့ ဇရပ်ကွင်းကျေးရွာနေသူ တယောက်က ပြောပါတယ်။
“စရောင်းတုန်းက အုပ်ချုပ်ရေးရော မြေစာရင်းရောပါတယ်၊ မြေဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် မီတာလျှောက်ဖို့ EPC က ခွင့်ပြုပေးတော့ ရွာမြေထင်ပြီး မရှိရှိတာလေး ရှာကြံဝယ်ကြတာ။ အခုမှ ကျူးကျော်လို့ သတ်မှတ်လိုက်တော့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ နစ်နာရတယ်။ ခိုင်မာမှုမရှိရင် အရောင်းအဝယ် လုပ်ကတည်းက တားရမှာ။”
လှည်းကူးမြို့နယ်အတွင်းရှိ ဝါးရုံစွန်း၊ မြင်းတာ၊ ဆားဖို၊ ခရိန်၊ စွယ်လတ်၊ ဒါးပိန်၊ ဆားကွင်း၊ ဘုရားကွင်း၊ ပေါက်စောက်စတဲ့ ကျေးရွာ ၉ ရွာကို စားကျက်မြေ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က နို့တစ်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။











